( ၁ )
သူ နိုးထသောအချိန်မှာ နံနက်ခင်းက လင်းဝင်းအေးမြလျက်ရှိပေပြီ။ ခြံထောင့်မှ စံပါယ်ရုံများကလည်း ချီချီကြွကြွဖြင့် ဖြူဆွတ်လှပနေကြ၏။ စိမ်းမြသော သစ်ရွက်တို့တွင် နှင်းစက်ကလေးများ လက်ဖိတ်စိုအိနေပုံကို သူရပ်ကြည့်နေမိသေးသည်။
သူ့စိတ်ထဲမှာ ကြည်နူးလာသည်။ ငြိမ်သက်နေရာမှ သူလှုပ်ရှားလာ၏။ သူသည် မည်သို့သော နေ့ကိုမဆို အလှတရားနှင့်အတူ မြင်တွေ့တတ်သည့် လူငယ်တစ်ဦးပဲ ဖြစ်လေသည်။
နံနက်စာစားပြီး၍ တိုင်းမဂ္ဂဇင်းအဟောင်းတစ်အုပ်ကို ဖတ်နေစဉ် ဌေးမြင့်သိန်း ရောက်လာသည်။
`လက်ဖက်ရည်ဆိုင် သွားရအောင်ကွာ´
ဌေးမြင့်သိန်းသည် အထက်တန်းကျောင်းမှာကတည်းက သူနှင့်တွဲခဲ့သော သူငယ်ချင်းဖြစ်၏။ တက္ကသိုလ်တွင် အဓိကယူသော ဘာသာရပ်ချင်း မတူသော်လည်း သူ့ကိုခင်မင်လှသော ဌေးမြင့်သိန်းက မည်သို့မျှ အသွားအလာမပျက်ခဲ့။ ကျောင်းပြီး၍ ၀ါသနာပါရာ နယ်ပယ်များသို့ အသီးသီး ခြေချကြပြီး သူငယ်ချင်းများ ကစဉ့်ကလျားဖြစ်ခဲ့ရာတွင်လည်း ဌေးမြင့်သိန်းကမူ သူ့အနီးမှ မကွာခဲ့။ သူတို့နှစ်ဦးက တွဲမြဲတွဲနေခဲ့ကြလေသည်။
လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း ဌေးမြင့်သိန်းက မထင်မှတ်သော မေးခွန်းကိုမေးသည်။
`မင်း ၀င်းဝင်းနွယ်ကို စိတ်မ၀င်စားဘူးလား´
`ဘာဖြစ်လို့မေးတာလဲ´
`ဘာမှမဖြစ်ပါဘူး၊ ငါသိချင်လို့´
`မင်းက ဘယ်လိုထင်မိလို့လဲ´
အေးအေးလူလူပြုံးရယ်ကာ တခွန်းချင်းပြန်မေးနေသော သူ့ကိုကြည့်ပြီး ဌေးမြင့်သိန်းက ရှုံ့မဲ့ ခေါင်းခါလေသည်။
`မင်းက မဟုတ်သေးပါဘူးကွာ´
`ဟ ဘာဖြစ်လို့လဲကွာ´
`ကောင်မလေးက ချစ်စရာလေးကွ၊ တော်လည်းတော်တယ်၊ မင်းကိုလည်း သံယောဇဉ်ရှိပုံရတယ်။ မင်းကသာ မတုန်မလှုပ်နဲ့၊ ဘာမှန်းမသိဖြစ်နေတာ´
စူပွပွပြောနေသော ဌေးမြင့်သိန်းကိုကြည့်ပြီး သူရယ်နေလိုက်သည်။ ထွေရာလေးပါးတို့ကို အချိန်အတော်ကြာ ပြောဆိုနေကြပြီး ညနေစောင်းမှ ပြန်လာခဲ့ကြ၏။ သူလည်း အပြန်လမ်းမှာ ၀င်းဝင်းနွယ်ဆီ အတွေးရောက်သွားပါသည်။
ဝင်းဝင်းနွယ်သည် သူနှင့် ဌေးမြင့်သိန်း တက်ရောက်ခဲ့သည့် အထက်တန်းကျောင်းမှ တောက်ပထင်ရှားသော ကျောင်းသူတစ်ဦးဖြစ်၏။ သူတို့နှင့် တစ်ခန်းတည်းအတူ စာသင်ရသော သူငယ်ချင်းကျောင်းသူလည်း ဖြစ်လေသည်။ လှပသော၊ ချမ်းသာသော၊ ချစ်စဖွယ်ကောင်းသော၊ ကျောင်းစာထူးချွန်သော ထိုကောင်မလေးကို ကျောင်းသားများစွာက အတိုင်းအတာတစ်ခုအထိ စိတ်ကူးယဉ်ခဲ့ကြ၏။ (ထိုအထဲတွင် သူတော့ မပါခဲ့ချေ။)
သူကတော့ စာသင်ခန်းထဲတွင် တိုးတိတ်စွာ နေတတ်သူသာဖြစ်၏။ အခြားကျောင်းများမှ ဤကျောင်းသို့ ပြောင်းရွှေကလာပြီးနောက် ကာလအတန်ကြာသည်အထိပင် သူ့ကို မည်သူကမျှ သတိကြီးကြီးမပြုမိအောင် နေနိုင်ခဲ့၏။ ၀င်းဝင်းနွယ်နှင့် သီဟတို့ အတန်းထဲမှာ အဆင့်`တစ်´ကို အပြိုင်ယူနေချိန်မှာ သူက အဆင့်`၃၀´ကျော်သာ အစဉ်ရသူဖြစ်၏။ (အခန်းထဲမှာ ကျောင်းသား ၇၀ နီးပါးရှိပါသည်။) ၀င်းဝင်းနွယ်နှင့် သီဟက ကျောင်းမှာ မသိသူမရှိသလောက် ကျော်ကြားလှချိန်မှာ သူ့အမည်ကိုမူ ကျောင်းသားအနည်းငယ် ကသာ မှတ်မှတ်ရရ ရှိကြသည်။ သို့တိုင်အောင် ထိုအထဲမှာ အချို့သောကျောင်းသားများက သူ့အမည် `ချမ်းငြိမ်း´ကို ငြိမ်းချမ်းဟုသာ ခေါ်နေခဲ့ကြ၏။
အခြားကျောင်းသားများနှင့် မရောလွန်းသလို အထီးတည်းလည်း မနေခဲ့သောသူသည် သာမန်ကျောင်းသားတစ်ယောက်မျှသာ ဖြစ်ခဲ့ပါသည်။ ဗန္ဓုလအသင်းမှ အလှည့်ကျ တံမြက်စည်းလှည်းပေးသူ၊ ၀ါဆိုသင်္ဃန်းဖိုးကို မော်နီတာက အော်မတောင်းခင် ပေးလေ့ရှိသူ၊ လေ့ကျင့်ခန်းစာအုပ်ကို သတင်းစာစက္ကူဖြင့်သာ အဖုံးဖုံးသူ။ ထိုသို့ဖြင့်သူသည် မည်သို့မျှ မထူးခြားသော ကျောင်းသားတစ်ယောက်အဖြစ် ငြိမ်ငြိမ်သက်သက်ပဲ ပညာသင်ကြားခဲ့သူ ဖြစ်လေသည်။
တစ်နေ့မှာတော့ အချို့သော ကျောင်းသားများက သူ့ကို ထင်ထင်ရှားရှား သတိပြုမိ သွားကြလေ၏။ ၀င်းဝင်းနွယ်သည်လည်း ထိုနေ့မှစ၍ သူ့ကို စေ့စေ့ကြည့် သွားဖြစ်လေသည်။
မြန်မာစာဆရာက သူတို့ထပ်ထားသော လေ့ကျင့်ခန်းစာအုပ်များကို စစ်ဆေးနေချိန်တွင် ဖြစ်၏။ အခန်းဝသို့ လက်ထောက်ကျောင်းအုပ်ရောက်လာပြိး ဆရာ့ကိုပြောသည်။
`ဆရာ.. ..ရုံးခန်းထဲမှာ ပညာရေးမှူးရုံးက ဧည့်သည်တွေရောက်နေတယ်၊ ကျောင်းသားတွေကို သင်ထားတဲ့ လေ့ကျင့်ခန်းစာအုပ် တစ်အုပ်နဲ့အတူ ဆရာ ခဏလိုက်ခဲ့ပါ။´
ဆရာက `ဟုတ်ကဲ့´ ဟုဆိုပြီး စစ်ဆေးနေသော လေ့ကျင့်ခန်းစာအုပ်များထဲမှ စာအုပ်နှစ်အုပ်ကို ဆွဲထုတ်လိုက်၏။ ကျန်သောစာအုပ်များကို မော်နီတာကို ခေါ်ပေးလိုက်သည်။ ထို့နောက် သူယူထားသော စာအုပ်နှစ်အုပ်ကို ထောင်ပြကာ.. ..
`ကဲ.. ..ဆရာ သွားလိုက်ဦးမယ်။ လက်ရေးလှတဲ့ စာအုပ်နှစ်အုပ်ကို ဆရာယူသွားမယ် ဟုတ်လား။ တစ်အုပ်က ၀င်းဝင်းနွယ်ရဲ့ စာအုပ်ပဲ။ နောက်တစ်အုပ်က အင်း.. မောင်ချမ်းငြိမ်းတဲ့´
ထို့နောက် အခန်းအပြင်သို့ ဆရာထွက်ရန် ပြင်သောအခါ ရပ်စောင့်နေသော လက်ထောက်ကျောင်းအုပ်က `တစ်အုပ်ဆိုရပါတယ် ဆရာ၊ လိုလိုမယ်မယ် ယူခိုင်းတာပါ´ ဟု လှမ်းပြော၏။ ဆရာ့ခြေလှမ်းတို့ တုံ့သွားကာ သူ့လက်ထဲမှ စာအုပ်နှစ်အုပ်ကို အပြန်အလှန် ငုံ့ကြည့် စစ်ဆေးလိုက်ပြီး.. ..
`ရော့.. ..၀င်းဝင်းနွယ်၊ မောင်ချမ်းငြိမ်းက ညည်းထက် လက်ရေးလှသဟေ့.. ..´
ဝင်းဝင်းနွယ်၏ စာအုပ်ကိုပြန်ပေးသွား၏။ သူ့စာအုပ်ကိုယူကာ ထွက်သွားသည်။ ၀င်းဝင်းနွယ်က ဆံပင်လေးများသပ်တင်ရင်း ကျန်ရစ်ခဲ့သည်။ ခဏကြာမှ နံဘေးမှ ကျောင်းသားများနှင့် ခေါင်းချင်းဆိုင်၍ စကားတီးတိုးပြော၏။ `ချမ်းငြိမ်းဆိုတာ ဘယ်သူလဲ´ ဟု မေးပုံရပါသည်။ ထိုသူငယ်ချင်းများကလည်း သိပုံမပေါ်ကြ။ နောက်တော့မှ သူ့ကိုသိသော ကျောင်းသူတစ်ဦး ညွှန်ပြလိုက်သည်။ ၀င်းဝင်းနွယ်က သူ့ဆီလျှောက်လာလေသည်။
သူက ကွန်ပါချွန်ဖြင့် စက်ဝိုင်းတစ်ခုကို ရေးဆွဲနေချိန်ဖြစ်၏။
`ချမ်းငြိမ်း ငါ့ကိုနင့်စာအုပ်တစ်အုပ်လောက် ခဏပြစမ်းပါ´
`အေး.. ..အံဆွဲထဲမှာ ကိုယ့်ဘာသာ ထုတ်ယူလိုက်ဟာ´
သူက မော့၍ပင် မကြည့်ပဲ ပြောလိုက်သည်။ ၀င်းဝင်းနွယ်ထံမှ အေးမြသော သနပ်ခါးရနံ့က သူ့ဆီ လွင့်ပျံ့လာသည်။ ၀င်းဝင်းနွယ်က သူ့သမိုင်းမှတ်စုကိုထုတ်ယူ၍ သူ့လက်ရေးကိုကြည့်သည်ဟု ထင်သည်။ (သေသေချာချာ မမှတ်မိ။)
ထိုစဉ် ဌေးမြင့်သိန်းက အသံသြသြကြီးဖြင့် ၀င်ပြောသည်။
`၀င်းဝင်းနွယ်.. ..ချမ်းငြိမ်းလက်ရေးကို လာကြည့်တာလား၊ ကြည့်သွား.. ကြည့်သွား.. ငါ့သူငယ်ချင်းက လက်ရေးသိပ်လှတယ်။ နင်တို့ သီဟတို့ အဆင့်တစ်ကို ဘယ်လိုရရ လက်ရေးမှာတော့ ငါ့သူငယ်ချင်းကို ဘယ်လိုမှ ယှဉ်မရဘူး။ မှတ်ထား.. ဟဲ..ဟဲ..ဟဲ..´
အခန်းရှေကတွင် မောင်းချဓားလေးဖြင့် ခဲတံချွန်နေသော သီဟက ဌေးမြင့်သိန်းကို လှမ်းကြည့်သည်။ ထို့နောက် အကြည့်ကသူ့ဆီသို့ ရွှေကလာသည်။ သူကတော့ မသိချင်ယောင်ဆောင်ပြီး တွက်စရာရှိသည့် သင်္ချာကိုသာ ဆက်တွက်နေလေသည်။
ထို့နောက်မှစ၍ တလျှောက်လုံးသိုသိပ်နေခဲ့သော သူ့ကျောင်းသားဘ၀လေးအပေါ် မျက်လုံးပေါင်းများစွာ ဖြတ်သန်းပျံဝဲလာကြတော့၏။
မုံ့စားဆင်းချိန်များတွင် သူတို့ကျောင်းနှင့် မလှမ်းမကမ်းတွင်ရှိသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီးရှေ့၌ သူတစ်ယောက်တည်း သွားထိုင်နေတတ်၏။ အရိပ်အေးအေးအောက်မှ စိမ်းမြသော မြက်ခင်းပေါ်တွင်လည်း မျက်လုံးအစုံကိုမှိတ်၍ ငြိမ်းချမ်းစွာ လဲလျောင်းနေတတ်သည်။
ဤနေရာဘက်သို့ လူအသွားအလာမရှိကြ၍ သူ့အတွက် အလွန်လွတ်လပ်လေသည်။ ရှင်းသန့်စင်ကြယ်သော ကောင်းကင်ကြီးကို ပေါ့ပါးစွာ ငေးကြည့်နေတတ်သည်။ ထိုသို့ပင် သူသည် နေ့ရက်ပေါင်းများစွာကို ပျောင်းညွတ်ကျေနပ်စွာ ဖြတ်သန်းလာခဲ့သူဖြစ်သည်။ သူ့ဘာသာ ရိုးစင်းလှသော နေထိုင်မှုသည် ကျန်လူများအတွက် အံ့သြငေးရီစရာ ဖြစ်နေကြောင်းကို တဖြည်းဖြည်းနှင့် သူသိလာရခြင်းဖြစ်၏။
တစ်နေ့မှာ ဌေးမြင့်သိန်းက ပြောသည်။
`ဒီနေ့ ကျောင်းသူ ကျောင်းသားတွေအားလုံး ဘောလုံးပွဲ သွားကြည့်ရမယ်တဲ့ကွ၊ ပျော်စရာကြီး´
ထိုအခါကျမှ သူတို့ကျောင်းဘောလုံးအသင်း ဗိုလ်လုပွဲသို့ တက်သွားပြီဖြစ်ကြောင်း သူသိလေသည်။ မုန့်စားစောစောဆင်းပြီး ဘောလုံးကွင်းသို့ တစ်ကျောင်းလုံး သွားရောက်အားပေးကြရ၏။ သူသည် ကျောင်းသားအုပ်ကြီးထဲမှာ ရောနှော၍ ပါသွား၏။ ထိုဘောလုံးပွဲကို ရှေကဆုံးတန်းမှ သူထိုင်ကြည့်ခဲ့လေသည်။
ဘောလုံးပွဲက ကြည့်ကောင်းလှပေ၏။ နှစ်သင်းစလုံး ပညာရော ကြိုးစားမှုပါ ညီမျှကြသည်။ အပြန်အလှန်ထိုးဖေါက်ကစားကြရင်း ပရိသတ်များကို ကြိတ်မနိုင်ခဲမရ ဖြစ်စေ၏။ နှစ်သင်းစလုံး၏ တိုက်စစ်မှူးများကလည်း ထူးချွန်လှ၏။ (သူတို့ကျောင်းအသင်းမှ တိုက်စစ်မှူးက သီဟဖြစ်သည်။)
အချိန်စေ့သည့်တိုင် နှစ်ဂိုးစီသရေဖြစ်နေ၍ အချိန်ပို ထပ်ကစားကြ၏။ အချိန်ပိုစေ့ကာနီးမှ တစ်ဖက်အသင်းမှ တစ်ဂိုးထပ်ရသွားကာ အနိုင်ရသွားလေသည်။ ဘောလုံးပွဲကြီးက တရုန်းရုန်းဖြစ်နေတော့၏။
သူတို့ကျောင်းမှ ကျောင်းသူကျောင်းသားအားလုံး ဘောလုံးကွင်းမှ အပြန်တွင် မအီမသာဖြင့် ခံပြင်းမှုန်တေနေကြ၏။ ဆရာ၊ ဆရာမများပင် ထိုသို့ဖြစ်သည်။ ဘောလုံးပွဲအကြောင်းကိုပဲ အားမလိုအားမရပြန်ပြော (ထိုအထဲမှာတော့ သူမပါချေ။) သူကတော့ သူ့ထုံးစံအတိုင်း ရှင်းလင်းကြည်လင်စွာပင်ရှိ၏။
အားကစားဆရာက သူ့ကိုသတိထားမိပြီး မျက်လုံးကျယ်သွား၏။ `မင်းက ဘောလုံး ၀ါသနာမပါဘူး ထင်တယ်´ ဟုမေး၏။ `ပါပါတယ်´ ဟု သူပြန်ဖြေသောအခါ တစ်ချက်စိုက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။ ကျန်သူများကတော့ ထိုအချိန်မှာ သူ့ကို ဘာမှ မပြောအားကြ။ နောက်သုံးလေးရက်ကြာမှ ဝေဖန်သံတို့ တဖြည်းဖြည်းချင်း ပျံ့ထွက်လာသည်။
ပန်းချီဝါသနာပါသော မူမူက စပြောခြင်းဖြစ်၏။ `အဲဒီတုန်းက ချမ်းငြိမ်းကိုမြင်လိုက်ရတာ ငါတော့ ဘောလုံးပွဲရှုံးတာကို မေ့သွားတယ်။ သူ့မျက်နှာက ငြိမ်းအေးနေတာ စိတ်ချမ်းမြေ့စရာပဲ။ အံတကြိတ်ကြိတ်နဲ့ ပူလောင်ခက်ထန်နေတဲ့ လူတွေကြားမှာ သူက ထင်းကနဲပဲ။ ငါ့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်။´
ထိုသို့သော စကားများကို မျက်လုံးလေးဝိုင်းပြီး မျက်နှာချင်းဆိုင်ထိုင်နေသူက ၀င်းဝင်းနွယ်ဖြစ်၏။ ဌေးမြင့်သိန်းတို့၊ ကျော်အောင်တို့က အခန်းထဲမှာ သူ့ကို ၀ိုင်းမေးနေကြတော့လည်း ၀င်းဝင်းနွယ်က ကြားနေရ၏။ ဌေးမြင့်သိန်းက သူ့ကို နားမလည် ဖြစ်နေလေသည်။
`မင်းက ငါ့ဘေးမှာ ဘောလုံးပွဲကြည့်တာပဲ။ စိတ်ဝင်တစားကြည့်တာလည်း ငါသတိထားမိတယ်။ ဒါပေမဲ့ ကိုယ့်ကျောင်းရှုံးတာကို မင်းဘာမှလည်း မခံစားရပါလား၊ ဘာမှ မဖြစ်သလိုပဲ၊ ဘယ်လိုကြီးလဲဟ´
ပထမတော့ ဘာမှပြန်မပြောပဲ သူရယ်၍သာ နေလိုက်သည်။ နောက်တော့ ကျော်အောင်တို့ကပါ `အေးလေ ဟုတ်တယ်´ ဘာညာ ၀င်ပြောကြသဖြင့် သူဖြေရလေသည်။
`ငါက ဘောလုံးပွဲပညာကိုပဲ အဓိကထားကြည့်တာကွ။ အပေးအယူ၊ အလိမ်အခေါက်၊ အဖြတ်အတောက်.. အဲဒါတွေကို ဘယ်လိုလေ့ကျင့်ခဲ့ပြီး ဘယ်လိုအသုံးချသလဲ။ ဘယ်လိုအခြေအနေမှာ ဘယ်လိုလုပ်သလဲ၊ အဲဒါတွေကိုပဲကြည့်တာ။ နှစ်သင်းစလုံးကို ငါ အားပေးတယ်။ နိုင်တာရှုံးတာတွေကိုလည်း ငါ မကြည့်ဘူး။ မင်းတို့ကတော့ တို့အသင်း ရှုံးလို့ မဖြစ်ဘူးဆိုတဲ့ ပူပင်သောကတွေနဲ့ ကြည့်ပြီး ဆွေ့ဆွေ့ခုန်နေကြတာကိုး။ အဲဒီလို ဘယ်ဟုတ်မလဲကွာ၊ မျှမျှတတ ကြည့်ရမှာပေါ့´
`အဲ.. ..´
ဌေးမြင့်သိန်း အမ်းသွားစဉ် ကျော်အောင်က ၀င်ပြောသည်။
`အခုဟာက ငါတို့ကျောင်းအသင်းနဲ့ ကန်တာပဲ ငါတို့ကျောင်းဘက်က အားပေးရမှာပေါ့ဟ´
သူက ခေါင်းခါပြလိုက်သည်။
`ငါ့မှာ အဲဒီလိုမျိုးအစွဲတွေ မရှိဘူးကွ။ ရှိတယ်ထားဦးတော့ကွာ၊ ငါတို့ကျောင်းကို ငါတို့ချစ်သလို သူတို့ကျောင်းကိုလည်း သူတို့ချစ်မှာပေါ့။ အတူတူပါပဲ၊ ကိုယ်တို့ကမှ နိုင်ပြီး သူတို့ကျတော့ ရှုံးစေဆိုတဲ့ အယူမျိုးလည်း မရှိသင့်ပါဘူး။´
`မင်းက တစ်မျိုးပါလား´
`ငါက ရိုးရိုးလေးဟ၊ မင်းတို့က တစ်မျိုးဖြစ်နေကြတာ.. ..´
ထို့နောက် ရယ်ကြရလေတော့သည်။ သူက စကားနည်းသည့်အပြင် ငြင်းခုံလေ့လည်း မရှိသဖြင့် ဆွေးနွေးမှုက အကျယ်တ၀င့် မဖြစ်လိုက်ကြပါ။ သို့သော် ထိုကိစ္စက ပြီးမသွားပဲ အားကစားနည်းပြဆရာနှင့် ဆက်ပြောရသေး၏။ (ဘာမှမဟုတ်သော ကိစ္စလေးကလည်း တစ်ခါတစ်ခါ စကားအတော်ပြောရလေသည်။)
နောက်တစ်နေ့မှာ အားကစားဆရာနှင့် သူနှင့် ရုံးခန်းထဲမှာတွေ့ကြခြင်းဖြစ်သည်။ လက်ရေးလှသည့် ကျောင်းသားနှစ်ဦး ရုံးခန်းမှာ စာကူရေးပါဟု လာခေါ်သဖြင့် သူနှင့် ၀င်းဝင်းနွယ် ရောက်သွားကြသည်။
သူတို့နှစ်ယောက် စာထိုင်ရေးနေချိန်မှာ အားကစားဆရာက သူ့ကို ကျော်အောင်တို့၊ ဌေးမြင့်သိန်းတို့ ပြောသလိုပင် လာပြောနေခြင်းဖြစ်၏။ နံဘေးမှ ဆရာမတစ်ယောက်ကိုလည်း ခပ်ညည်းညည်းလေသံဖြင့် လှည့်ပြောလိုက်သေး၏။
`အဲဒါပါပဲ ဆရာမရဲ့၊ တချို့ကလေးတွေက အောင်ပွဲရဲ့တန်ဖိုးကို နားမလည်ကြဘူး။´
ထိုသို့ဖြင့် အားကစားဆရာပြောနေသော စကားများထဲတွင် သူသည် တရားခံတစ်ယောက်လို ပါဝင်လာသည်။ ခပ်ညံ့ညံ့၊ ခပ်ပေါ့ပေါ့ ပြိုင်ပွဲတစ်ခုကို အောင်နိုင်စွာ ဖြတ်သန်းနိုင်ဖို့အရေးတွင် ရပ်တည်ချက်ပြတ်သားသော ပရိတ်သတ်တစ်ဦးအဖြစ်ပင် အားမပေးရဲသူ ထိုသို့ ဖြစ်လာသည်။
`ဒိုင်းက လက်တစ်ကမ်းရောက်နေပြီ ဆရာမရယ်၊ နိုင်အောင်ကန်ရမဲ့ပွဲ၊ မနိုင် နိုင်အောင် လုပ်ရမယ့်ပွဲ၊ ခုတော့.. ..အင်း´
ထိုအချိန်မှာ သူနှင့် ခေါင်းချင်းဆိုင်၍ စာရေးနေသော ၀င်းဝင်းနွယ်က မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး..
`ဒါနဲ့များ.. ..ဆရာတို့ပြောပြောနေတော့ ယှဉ်ပြိုင်ခြင်းသာ အဓိက၊ အရှုံးအနိုင်က သာမည.. ဆို..´
`ဟေ.. ´
ထိုဆရာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ထို့နောက်မှ မျက်နှာကြီး ညိုပုပ်ကာအပြင်ထွက် သွားတော့၏။ သူနှင့် ၀င်းဝင်းနွယ်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြိုင်တူ ရယ်လိုက်မိကြသည်။ (ဆရာမကပါ လိုက်ရယ်ပါသည်။) ၀င်းဝင်းနွယ်နှင့် သူလည်း ထိုထက်ပို၍ မရင်းနှီးခဲ့ပါ။ မည်သည့်စကားကိုမှလည်း ကမ်းတ၀င်ပြောမနေခဲ့ကြ။ တစ်ခါတစ်ခါ သူ့ကို ငေးကြည့်နေတတ်သည့် ၀င်းဝင်းနွယ်၏ မျက်လုံးဝိုင်း ကလေးများကိုတော့ သူ သတိထားမိခဲ့လေသည်။
အချို့နေ့များ၌ ကျောင်းသို့ အချိန်စော၍ သူရောက်တတ်ပါသည်။ ထိုအခါမျိုးတွင် စာရေးခုံမှာ ထိုင်လျက် ရှင်းနက်နေသော ကျောက်သင်ပုန်းကြီးကို သူ မမှိတ်မသုန် စိုက်ကြည့် နေတတ်သည်။
ထို့နောက်တွင်တော့ စူးရှသော ဘဲလ်မြည်သံနှင့်အတူ ကျောက်သင်ပုန်းပေါ်မှာ အင်ဒီးစ်တောင်တန်းကြီးပေါ်၌ သစ်ပင်တွေ ကွေးကွေးကိုင်းကိုင်း ပေါ်ပေါက်လာပြီး ၀ုန်းဆို မီးတောင် (Volcano) ကြီးများ ကွဲအက်ကာ ချော်ရည်ပူများ တအိအိစိမ့်ပွက်လာသည်။ ထိုချော်ရည်ပူများထဲမှာ ရောဘတ်အိုဝင်က သမ၀ါယမကျေးရွာကို ထူထောင်ဆဲ၊ ဟစ်တလာက ပိုလန်ကို ကန့်လန့်ကာခွဲကာ ၀င်ရောက်လာသည်။ ထိုသို့ဖြင့် အိုင်ဇက်နယူတန်ပေါ် ပန်းသီးကြွေကျပြီးသောအခါ အချုပ်တန်းဆရာဖေက တေးထပ်တစ်ပုဒ် ရွတ်ပြ၏။
နောက်ဆုံး ဘဲလ်မြည်သံ စူးစူးဝါးဝါးအော်မြည်ပြီး စာသင်ခန်းထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့သော အခါ မျဉ်းကွေး မျဉ်းကောက်နှင့် အက္ခရာများ လိမ်ရှုပ်ထွေးနေသော ကျောက်သင်ပုန်းကို ဘောဖျက်ဖြင့် ပြန်ဖျက်၏။ ပြန်လည်ကြည်လင် ရှင်းနက်သွားသော ကျောက်သင်ပုန်းကို ငြိမ်သက်စွာဖြင့် သူ ထပ်ကြည့်နေခဲ့သည်။
ထိုသို့ဖြင့် စာသင်နှစ်နောက်ပိုင်းကျသော နေ့တစ်နေ့တွင် အတန်းပိုင်ဆရာမ၏ ပြောစကားတစ်ခွန်းကြောင့် အားလုံးက သူ့အပေါ် ငေးမော့ ကြည့်ခဲ့ကြပြန်၏။
ဆရာမက ကျောင်းသားများကို အောင်စာရင်းကတ်ပြားများ ဝေ၏။ (သူက အဆင့် ၃၀ကျော်မှာပဲ ဖြစ်၏။) ထို့နောက် ဆရာမက အခန်းရှေကမှာ တည်တည်ကြည်ကြည် ရပ်ကာ.. ..
`ဒီအခန်းမှာ အင်မတန် ထူးချွန်တဲ့ ကျောင်းသားသုံးယောက်ရှိတယ်´
အဆင့်တစ်က သီဟလား၊ ၀င်းဝင်းနွယ်လားဟု သူကွဲပြားစွာ မသိလိုက်ချေ။ အဆင့်သုံးကိုလည်း မျိုးထွန်းနျင့် မီမီဝင်းမောင်တို့ နှစ်ယောက်အနက် တစ်ယောက်ယောက်က ရသည်ဟု ထင်သည်။ သို့သော် အခန်းထဲမှာ ပြောဆိုဝေဖန်နေကြသော စကားသံများအရ အဆင့် ၁၊ ၂ ရသူနှစ်ယောက်နှင့် ကျန်သူများက အမှတ်ကွာလွန်းကြောင်းကို သူရိပ်မိ၏။
ယခု.. ..ဆရာမက ထူးချွန်သော ကျောင်းသား သုံးယောက်ဟု ဆိုသောအခါ တစ်ခန်းလုံး နားစွင့်နေကြလေသည်။
`ဒီအခန်းထဲမှာ ထူးချွန်တဲ့ ကျောင်းသားသုံးယောက်ရှိတယ်။ ဒီသုံးယောက်ကို တခြားအခန်းက ကျောင်းသားတွေကလည်း မမီကြဘူး။ ဒီသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မင်းတို့သိတဲ့ အတိုင်း သီဟနဲ့ ၀င်းဝင်းနွယ်ပဲ´
အားလုံးက ငြိမ်သက်စွာ နားထောင်နေကြ၏။ ဆရာမက သီဟနှင့် ၀င်းဝင်းနွယ်ကို အကဲခတ်သလို တစ်ချက်ကြည့်ပြီးမှ `နောက်တစ်ယောက်ကတော့ ချမ်းငြိမ်းပဲ.. ..´
ကျောင်းသားများက သူ့ကို မယုံကြည်နိုင်သလို လှည့်ကြည့်ကြ၏။ နံဘေးမှာရှိသော ဌေးမြင့်သိန်းကလည်း သူ့ပခုံးကို တွန်းလှုပ်၏။ သူ့မျက်နှာကတော့ ဘာမှ မပြောင်းလဲခဲ့ပါ။
`ချမ်းငြိမ်းဟာ အမြဲတမ်း အဆင့် ၃၀ကျော်တယ်။ အရည်အချင်းစစ် ကတ်ပြားမှာ (သင့်) ပေးရတဲ့ ကျောင်းသားပေါ့။ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တခုရှိတယ်။ ဆရာမကိုယ်တိုင်လည်း ဟိုတစ်နေ့ကမှ တခြားဆရာ ဆရာမတွေနဲ့ စကားစပ်မိပြီး သိတယ်..´
ဆရာမက စကားကို ခဏနား၏။ အားလုံးက သူ့စကားကို အတော်ကြီး စိတ်ဝင်စားနေသည်ကို မြင်ရမှ ကျေနပ်သွားဟန်ဖြင့် စကားကို ဆက်၏။
`ဆရာမရဲ့ ပထ၀ီဘာသာမှာ ချမ်းငြိမ်းဟာ ပုစ္ဆာအကုန် မဖြေဘူး။ အမြဲတမ်း အမှတ်(၇၀)ဖိုး ပဲဖြေတယ်။ ဟိုတစ်နေ့က ရုံးခန်းထဲမှာ တခြားဆရာ ဆရာမတွေက ပြောလို့သိရတာ။ ဒီအခန်းက ချမ်းငြိမ်းဟာ သူတို့ဘာသာတွေမှာ အမြဲတမ်း အမှတ်(၇၀)ဖိုးပဲ ဖြေတယ်တဲ့.. ..´
အခန်းထဲမှာ စကားသံတို့ အုပ်ဆိုင်းဆိုင်း ထွက်ပေါ်လာသည်။ ဆရာမက လက်ကာရင်း ပြုံး၏။
`သူမဖြေပဲ ချန်ထားတဲ့ (၃၀)ဖိုးက အလွယ်ဆုံးပုစ္ဆာတွေချည်းပဲ´
ထို့နောက် ဆရာမက ကျန်ကျောင်းသားများကိုလည်း ကြိုးစားရန် တိုက်တွန်းသည်။ ထိုစကားတို့ကိုတော့ ကျောင်းသားများက သိပ်စိတ်မ၀င်စားကြတော့ချေ။ သူနှင့် ပါတ်သက်သော ဝေဖန်ချက်များကိုသာ တီးတိုးပြောဆိုနေကြတော့၏။
ဆရာမထွက်သွားပြီး ကျောင်းစာအုပ်တစ်အုပ်ကို သူထုတ်ဖတ်နေချိန်မှာ သီဟ ရောက်လာ၏။
`ချမ်းငြိမ်း´
သူမော့ကြည့်လိုက်၏။ သီဟက သူ့ကို စူးစူးကြည့်ပြီး လက်ကမ်းပေးသည်။ သူကလည်း အေးအေးဆေးဆေးပဲ ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်သည်။ မျက်လုံးပေါင်းများစွာက ၀ိုင်းကြည့်နေပြီး ထိုအထဲတွင် ၀ိုင်းစက်လှပသော မျက်လုံးလေး တစ်စုံလည်း ပါဝင်လေသည်။
( ၂ )
သူ၏ အခန်းသည် အစစအရာရာ ကင်းရှင်းတိတ်ဆိတ်နေသော အခန်းဖြစ်သည်။ အပြာရောင် ဆေးသုတ်ထားသည်ကလွဲ၍ အခြားမည်သည့် အဆင်အယင်မျှ မရှိချေ။
သူ့ခေါင်းရင်းနံရံတွင်မူ သင်္ချာကိန်းတန်းတစ်ခုကို ရေးထိုးထား၏။ မည်သည့်အဓိပ္ပါယ်ဖြင့် သူရေးထိုးထားသည်ဟုတော့ မည်သူကမျှ မသိကြချေ။ မေးသူလည်း သိပ်မရှိလှသည့်အပြင် မေးသူတိုင်းကိုလည်း သူမဖြေခဲ့၍ဖြစ်သည်။ ငယ်စဉ်က ဥာဏ်စမ်းသင်္ချာလေးတစ်ပုဒ်ကို ပြင်းထန်တက်ကြွစွာ ဖြေဆိုလိုက်မိသည်၏ နောက်ပိုင်းမှာ ဤကိန်းတန်းကို သူရေးထိုးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ပိုင်းမှာပင် လောကနှင့် ပါတ်သက်သည့် ရှင်းလင်းသော အဖြေတစ်ရပ်ကို သူရခဲ့လေသည်။
ထိုစဉ်က သူငယ်ချင်းတစ်ယောက် တွက်မရသော သင်္ချာဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်ကို အိမ်သို့ယူလာကာ သူတွက်ခြင်းဖြစ်၏။ သူ့ သူငယ်ချင်းက လက်လျှော့လိုက်ရ လောက်အောင်ကို ပုစ္ဆာကလည်း ခက်လေသည်။ သူကြိုးစား ဂရုစိုက်၍တွက်ရင်း ရူးချင်ချင်ဖြစ်ခဲ့ ရပါသည်။ မည်သို့မျှ တွက်မရခဲ့။ သို့သော် သူကလည်း အရှုံးမပေးခဲ့။
ထိုသို့ဖြင့် ထိုပုစ္ဆာကြီးကို တစ်လနီးပါး အချိန်ပေးတွက်ချက်ခဲ့ရပြီး နောက်ဆုံးမှာ အဖြေထွက်အောင် သူတွက်လိုက်နိုင်သည်။ ထွက်လာသော အဖြေကိုကြည့်ပြီး သူ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပြန်သည်။
ထိုပုစ္ဆာကြီးတွင် ကိန်းဂဏန်းများကို အမျိုးမျိုးပြဌာန်း ထိုးကျွေးထား၏။ မေးခွန်း၏ အလှည့်အကွေ့ကလည်း သပွတ်အူဆန်လွန်းလှပါသည်။ ထိုပုစ္ဆာကြီးကို ခံစားချက်များစွာဖြင့် သူရင်းနှီးတွက်ချက်ခဲ့ရပြီး နောက်ဆုံးရရှိလိုက်သည့် အဖြေမှန်က `သုည´ ဖြစ်သည်။
ဒါများကွာ.. ..ဟု ညည်းတွားပြီး နံရံကိုပင် သူဆောင့်ကန်လိုက်မိသေးသည်။ ခုတင်ပေါ်မှာ မောပန်းလဲလျောင်းရင်း ထိုပုစ္ဆာကြီးကို သူကြိုးစားအဖြေရှောနရစဉ်က အခါခါဖြစ်ခဲ့ရသည့် ခံစားချက်များကို ပြန်မြင်ယောင်ကာ တစ်စုံတစ်ရာကို နာကြဉ်းလာမိ၏။
ထိုရက်ပိုင်းအတွင်းမှာပင် လောကကြီးကလည်း ဒီပုစ္ဆာကြီးလိုပါပဲလား ဟူသောအတွေးကို သူရလာ၏။ ဆန့်ကျင်ဘက်တို့ဖြင့် ကုပ်သပ်ရံခွကာ တည်ဆောက် ထောင်မတ်ပြသထားသည့် လောကကြီးသည် ရုပ်ဖျက်ထားသည့် `မာယာ´ သာဖြစ်သည်။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း စသည်တို့ အားပြိုင်မှုများကြားမှ မရှိသည်တို့ကို ရှိသည်ဟု ထင်လာရအောင် မျက်လှည့်ပြနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ ခေါင်းရင်းဘက်နံရံတွင် [A+B+C-A-B-C=0] ဟူသည့် ကိန်းတန်းကလေးကို ရေးလိုက်၏။ ဘာကိုမှ ယုံကြည်စရာမရှိသော လောကကြီးထဲမှာ ဘာကိုမှလည်း တပ်မက်တွယ်တာမှု သူမထားတော့ချေ။
ထိုသို့ဖြင့် သူ့ဘ၀မှာ တည်ငြိမ်အေးချမ်းလာ၏။ သာမန်ကျောင်းသား တစ်ယောက်အဖြစ်နှင့်ပဲ တက္ကသိုလ်မှ သာမန်ဘွဲ့တစ်ခုကို ယူခဲ့၏။ ပုံမှန် စီးပွါးရေးတစ်ရပ် အနေနှင့် ပန်းချီပြခန်းတစ်ခုကို ဖွင့်ထား၏။ တစ်ခါတစ်ခါမှာတော့ သူ့အဖေ၏ အဆောက်အအုံ ကန်ထရိုက်လုပ်ငန်းကို အဖေ့ကိုယ်စား ၀င်ရောက်အုပ်ချုပ်ပေးရတတ်သည်။ ရှုပ်ထွေးလှသော ထိုအလုပ်များကလည်း သူ ကိုင်တွယ်လိုက်လျှင် ရှင်းလင်းစွာ ပြီးဆုံးသွားကြသည်ပဲဖြစ်သည်။ အချို့သော လုပ်ဖေါ်ကိုင်ဖက်များက သူ့ကို အရမ်းအံ့သြကြလေသည်။
သူက ကိုယ့်ကိုယ်ကို လေထဲမှာ မျောနေသည့် ဆပ်ပြာပူဖေါင်းလေးတစ်လုံးပဲ သဘောထားသူဖြစ်သည်။ ရှင်းလင်းပေါ့ပါး၏။ တိတ်ဆိတ်ငြိမ်သက်၏။ လျှပ်တစ်ပြက်အတွင်း ကွယ်ပျောက်သွားမည့်သူပဲဖြစ်သည်။ သူ့ထံမှာ မည်သည့်အရာမှ စွန်းငြိတွယ်ကပ်၍ ပါမလာခဲ့ပါချေ။ နက်ရှိုင်းသော ဘ၀အမြင်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်၍ သူ့အတွက် တခြား ပိုင်ဆိုင်စရာလည်း ဘာမှမလိုအပ်တော့..။
သူသည် လွတ်လပ်၏။ အချည်အနှောင် ကင်းမဲ့၏။ တုန်လှုပ်ချောက်ချားမှု ကင်းမဲ့၏။ လောကကြီးကို ထိုသို့သူဖြတ်သန်းခဲ့လေသည်။
တစ်ခါတော့ လမ်းထဲမှ မိတ်ဆွေတစ်ယောက်နှင့် ကိုကာကိုလာ ထိုင်သောက်ရင်း စကားတစ်ခွန်းပြောခဲ့၏။ နောက်ပိုင်းမှာတော့ ထိုစကားကို မည်သူ့မှ မပြောမိချေ။
ထိုစဉ်က သူ့မိတ်ဆွေသည် စီးပွါးရေးလုပ်ငန်းများထဲ မောဟိုက်စွာ ကူးခတ်နေသူဖြစ်သည်။ လုပ်ငန်း၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအခြေအနေများ၊ ကြိုးစားမှု ထပ်ဆင့်တည်ဆောက်မှု အတိုင်းအတာများကိုလည်း ခန့်ညားကြီးမားစွာ အေးဆေးစွာပဲ နားထောင်နေခဲ့၏။
သူ့မိတ်ဆွေက ထိုအပင်ပန်းခံခဲ့မှုများကို ဂုဏ်ယူဝံ့ကြွားစွာ ညည်းညူပြပြီးနောက် သူ့ကိုတစ်ချက်ကြည့်ကာ `ခင်ဗျားလို နေချင်စမ်းပါဘိဗျာ´ ဟုပြော၏။ အသံက လှောင်ပြောင်သရော်သံ ဖြစ်သည်။ သူ့ကို နေစိမ့်သူ၊ မလေးနက်သူ၊ အပူအပင်ကင်းသူဟူ၍ သတ်မှတ်ထားသော လေသံဖြစ်သည်။ သူ စိတ်မဆိုးပါ။ မိတ်ဆွေပြောနေသည်များကိုသာ ပြုံးလဲ့လဲ့ဖြင့် နားထောင်နေခဲ့၏။
အတော်ကြာမှ မိတ်ဆွေကမောပြီး စကားပြော ရပ်သွားသည်။ ကိုကာကိုလာကို ကုန်အောင်သောက်သည်။ ဟူးကနဲ လေပူကြီးတစ်ချက်ကို မှုတ်ထုတ်ကာ အဝေးကို ငေးနေတော့၏။ ထိုအခါကျမှ သူက.. ..
`ဒီလောကကြီးကို မလွှဲသာပဲ ဖြတ်သန်းနေရသမျှမှာ ကျွန်တော်ဟာ ဥပဒေသလေးတစ်ရပ်ကို လက်ကိုင်ထားတယ်ဗျ။ `၀င်သက်ထွက်သက် ဥပဒေသ´ လို့ ဆိုကြပါစို့ဗျာ..´
မိတ်ဆွေက ကြောင်အမ်းအမ်းမျက်နှာထားဖြင့် သူ့ကိုလှည့်ကြည့်သည်။ သူက မိတ်ဆွေကို မကြည့်ပဲ ဆက်ပြောလိုက်၏။
`လူတွေ အသက်ရှုာကတဲ့အခါ ဘယ်သူမှ အင်ကြီးအားကြီး စိုက်ထုတ်ပြီး မရှုကြဘူးဗျ။ ပုံမှန် အားလေးတစ်ရပ်နဲ့ပဲ ဘာသိဘာသာ ရှုသွားကြတာ။ အဲဒီလိုပဲ ကျွန်တော်လည်း ဘ၀မှာ အင်ကြီးအားကြီး ပုံအောစိုက်ထုတ်ပြီး မနေခဲ့ဘူး။ သဘာဝကျကျ လည်ပတ်နေတဲ့ ရစ်သမ်တွေ အချိုးအစားပျက်သွားအောင် ဘာကိုမှ မလုပ်ခဲ့ဘူး။ ဘယ်အလုပ်အတွက်မဆို ကျွန်တော်ပေးတဲ့ `အား´က အသက်ရှုတဲ့နေရာမှာပေးတဲ့ `အား´လောက် ပါပဲ။ Forceless Force ပေါ့ဗျာ။ အဲဒီလိုရပ်တည်တာ ဘယ်လောက်မှန်ကန်ပြီး အဲဒီလို မရပ်တည်မိရင် ဘယ်လောက် အန္တရာယ်များတယ် ဆိုတာကိုတော့ ကိုယ်တိုင်ခံစားရမှ ခင်ဗျားသိနိုင်မယ်။ အဲဒါကတော့ ကျွန်တော့် ဥပဒေသရဲ့ ပထမ အချက်ပေါ့ဗျာ´
သူ့စကားများကြောင့် သူ့မိတ်ဆွေ၏ မျက်လုံးတို့က ပြူးထွက်လာ၏။ ပါးစပ်ကြီးလည်း ဟနေလေသည်။
`ဒုတိယ အချက်ရှိသေးတယ်။ လူတွေဟာ ၀င်သက်ထွက်သက်တွေ အများကြီး ရှုရှိုက်ခဲ့တယ်။ နောက်ထပ်လည်း အများကြီးရှုရှိုက်ရဦးမယ်။ ပင်ပန်းလိုက်တာ ရင်မောစရာကြီးပါလားလို့ ဘယ်သူကမှ မတွေးကြဘူးလေ။ အဲဒါမှန်တယ်၊ အခုရှုရမယ့် ၀င်သက်ကိုရှုတယ်၊ ပြီးရင် ပြန်ထုတ်တယ်။ နောက်ရှုတယ်။ ပြီး.. ..ထုတ်တယ်။ လုပ်ရမဲ့အချိန်မှာ လုပ်စရာရှိတာကိုပဲ လုပ်လိုက်တယ်။ ပြီးခဲ့တာတွေကိုလည်း မတွေးဘူး။ မရောက်သေးတဲ့အချိန်ကိုလည်း မပူပင်ဘူး။ ကျွန်တော်ဟာ ဘာကိုပဲလုပ်လုပ် ဒီသဘောအတိုင်းလုပ်တယ်။ အလုပ်တစ်ခုကို ၀င်သက်နဲ့ရှုပြီး ထွက်သက်နဲ့အတူ ပြန်ထုတ်လိုက်တယ်။ ကျွန်တော့မှာ ဘယ်လို လေးလံဖိစီးမှုမှ မရှိဘူး။ ကျွန်တော့်စိတ်ထဲမှာ လက်ရှိအချိန်နဲ့ လက်ရှိအလုပ်ကိုပဲ ယူထားပြီး အဲဒါတွေမရှိတာနဲ့ ဘာမှ မရှိတော့ဘူး။ ခင်ဗျားနားလည်လွယ်ဖို့ အနီးစပ်ဆုံးစကားလုံး ပေးရမယ်ဆိုရင်တော့ Now & Here ပေါ့ဗျာ။
ထို့ထက်ပို၍ ဘာကိုမှ သူမပြောလိုက်။ စကားဝိုင်းက အတန်ကြာငြိမ်သက်သွားသည်။ ထို့နောက်မှ မိတ်ဆွေက `ဆောရီး´ ဟုဆိုကာ သူ့ကို လက်ဆွဲနှုတ်ဆက်သည်။ ထိုလက်ဆွဲနှုတ်ဆက်မှုကြောင့် ထိုညက သူ.. ..သီဟအကြောင်း စဉ်းစားဖြစ်လေသည်။
ဆယ်တန်းစာမေးပွဲဖြေရခါနီး အထက်တန်းကျောင်းမှာ နောက်ဆုံးနေခဲ့ရသောနေ့က သူ့ကို ကျော်အောင်က စကားတစ်ခွန်းပြောသည်။
`ငါ.. ဒီကျောင်းမှာတက်တာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ လူနှစ်ယောက်ကို တွေ့ခဲ့တယ်။ အဲဒီနှစ်ယောက်မှာ တစ်ယောက်ကတော့ မင်းပဲ ချမ်းငြိမ်း´
ထိုသို့ပြောပြီး သူတို့လူချင်းကွဲသွားကြသည်မှာ ယနေ့ထက်တိုင်ဖြစ်၏။ (တက္ကသိုလ်သို့လည်း ကျော်အောင် ရောက်မလာခဲ့။) ကျော်အောင် ရည်ညွှန်းသွားသော စိတ်ဝင်စားစရာ လူနှစ်ယောက်အနက် ကျန်တစ်ယောက်မှာ `သီဟ´ ဖြစ်လေသည်။
သီဟသည် လူလတ်တန်းစား မိသားစုတစ်ခုမှ ကြီးပြင်းလာသော လူတော်တစ်ယောက် ဖြစ်သည်။ ငယ်စဉ်ကတည်းက `ဓား´ များကို အလွန်မြတ်နိုးတတ်သည် ဟု တစွန်းတစ ကြားရဖူး၏။ သီဟက ငယ်စဉ်က ပွဲဈေးတန်းသွားတိုင်း ဓားကို ပူဆာတတ်ကြောင်း၊ ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာတွေ့လျှင် စားပွဲပေါ်မှာ ဓားမြှောင်တစ်လက်စိုက်ပြီး ကြည့်ငေးကာ အတွေးနယ်ချဲ့တတ်သော၊ ကွန်ဖူးသင်တန်းတစ်ခုမှာ ဓားပေါက် ပထမဆုရဖူးသော၊ ကိုယ်တိုင်လည်း ဓားတစ်လက်လို ထက်မြက်သော သီဟသည် အထက်တန်းကျောင်းကို အောင်မြင်ပြီးသောအခါ စက်မှုတက္ကသိုလ်သို့ ရောက်သွားလေသည်။
ဘောလုံးကိုတော့ တစိုက်မတ်မတ် ဆက်ကန်ဖြစ်ပြီး ယခုအခါ ကျော်ကြားသော နိုင်ငံလက်ရွေးစင် ဘောလုံးသမားပင် ဖြစ်နေလေပြီ။ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သူတို့၊ ဌေးမြင့်သိန်းတို့ ရှိနေခိုက် သီဟတို့ မကြာခဏ လာလည်တတ်သည်။ သီဟနှင့် ပါလာသောလူများမှာ အောင်ခိုင်၊ မောင်မောင်သန်း စသည့် ဘောလုံးကြမ်းပိုးများ ဖြစ်ကြ၏။ သူငယ်ချင်းများ နောက်ပြောင်ဆူညံနေကြပြီဆိုလျှင် သူက ခပ်လှမ်းလှမ်းမှ ပြုံးရယ် ရပ်ကြည့်နေခဲ့၏။ အထက်တန်းကျောင်းမှ လုံးဝမရင်းနှီးခဲ့သော သီဟက သူ့ကို အမြဲတမ်းပင် ပြုံးရယ်နှုတ်ဆက်သွားတတ်၏။
သီဟသည် သူရဲကောင်းစိတ်ထားရှိသည့် လူငယ်တစ်ယောက်ဟု နားလည်သည်။ သီဟကိုကြည့်ရသည်မှာ ရှေးခေတ် ဂျပန်ပြည်မှ ဆာမူရိုင်းတစ်ယောက်ကို ကြည့်ရသလိုလည်းရှိ၏။ အကြောင်းအရာတစ်ရပ်အပေါ် လေးနက်တည်ကြည်စွာ စဉ်းစားနေသည့်အခါ ထက်မြက်သော ဓားတစ်လက်ကို ကြည့်မြင်ရသည်နှင့်လည်း တူပါသည်။ တစ်ခု သတိထားမိသည်က စက်မှုတက္ကသိုလ်မှာ ကျောင်းစာ၊ ဘောလုံးစသည်တို့ဖြင့် နာမည်ကြီးလှသော သီဟသည် ရည်းစား လုံးဝမရှိခဲ့ချေ။ (၀င်းဝင်းနွယ်ကို ကျိတ်ချစ်နေသည်ဟု အချို့ကပြောကြသည်။)
သူ.. ..ကျောင်းပြီးသွားသောအခါ သီဟနှင့်မတွေ့ဖြစ်တော့ပါ။ သီဟကလည်း ရည်ရွယ်ချက်ကြီးမားပြီး အလွန်ကြိုးစားသူ ဖြစ်သဖြင့် အားလပ်လည်ပတ်ချိန် နည်းပါးလှပါသည်။ တစ်ခါမှာတော့ အမျိုးသား စာကြည့်တိုက်ပေါ်မှ သူဆင်းအလာတွင် သီဟနှင့် ပက်ပင်းတိုး၏။ သူ့ပခုံးကို ရင်းနှီးချစ်ခင်စွာ ပွေ့ဖက်နှုတ်ဆက်ရင်း `၀င်းဝင်းနွယ်နှင့် တွေ့ဖြစ်သေးလား´ ဟု မေး၏။ (ဘာကြောင့်မေးမှန်းသူမသိချေ။) `ဟင့်အင်း မတွေ့ပါဘူး´ ဟု ပြန်ဖြေရင်း ကိုယ့်ကိစ္စနှင့်ကိုယ် လူချင်းခွဲကြရ၏။
ထိုမှ တစ်လခန့်အကြာတွင် မမျှော်လင့်ပဲ ၀င်းဝင်းနွယ်နှင့် တွေ့ရလေသည်။ ဆယ်တန်းအောင်ပြီး ကတည်းက ဤတစ်ခါပဲ တွေ့ခြင်းဖြစ်၏။ ဘာစကားမှလည်း မည်မည်ရရ မပြောဖြစ်ပါ။ ၀င်းဝင်းနွယ်က ကျောင်းကားပေါ်မှာဖြစ်ပြီး သူက လမ်းပေါ်မှာဖြစ်၏။ မီးပွိုင့်မှာ ကျောင်းကားရပ်ထားရစဉ် လမ်းဘေးမှာလျှောက်နေသော သူ့ကို ၀င်းဝင်းနွယ်က စတင်မြင်ခြင်းဖြစ်သည်။
`ချမ်းငြိမ်း´
လှည့်ကြည့်လိုက်မိတော့မှ ဆေးတက္ကသိုလ် ကြိုပို့ကျောင်းကားပေါ်မှာ လှပစွာ ရှိနေသည့် ၀င်းဝင်းနွယ်ကို သူတွေ့လိုက်သည်။ လက်ထဲမှာ ပန်းသီးတစ်လုံး ကိုင်ထားလျက်က သူ့ကို ချစ်စဖွယ်ပြုံးပြလေသည်။
သူကပြန်လည်ပြုံးပြပြီး ပန်းသီးကလေးကို လက်ဝါးဖြန့်ကာ တောင်းဟန်ပြု၏။ ၀င်းဝင်းနွယ်က ရယ်မောပြီး လှမ်းပစ်ပေးလေသည်။ သူက နောက်ပြီးတောင်းခြင်းဖြစ်သည်။ ပြန်ပေးမည်ပြုလုပ်သောအခါ ၀င်းဝင်းနွယ်၏ လက်ထဲမှာ နောက်ထပ် ပန်းသီးတစ်လုံး ရောက်နေပြီဖြစ်သည်။ သူနှင့် ၀င်းဝင်းနွယ်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ဖြစ်ကြသေးသည်။ ထိုစဉ်မှာပဲ မီးပွိုင့်စိမ်းပြီး သူတို့ကျောင်းကား မောင်းထွက်သွား ပါတော့သည်။
ထိုနောက်ပိုင်းမှာတော့ ၀င်းဝင်းနွယ်နှင့်မှ မဟုတ်ပဲ မည်သူနှင့်မှ မတွေ့ဖြစ်တော့ချေ။ သူဖွင့်လှစ်ထားသော ပန်းချီပြခန်းလေးထဲမှာပဲ သူ့ဘ၀ကို ကွယ်အုပ်ထားလိုက်၏။ သို့သော် ဌေးမြင့်သိန်းက ရအောင်လိုက်လာသည်။ သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ ဟိုအကြောင်း သည်အကြောင်း ဆွေးနွေးပြောဆိုကြသည်။ များသောအားဖြင့် ဌေးမြင့်သိန်းက ပြောပြီး သူက နားထောင်သည်ပဲဖြစ်၏။
တစ်ခါက သူ့အခန်းထဲမှ အင်္ဂလိပ် မြန်မာ စာအုပ်အများအပြား စုပုံရောက်ရှိခဲ့ဖူး၏။ သမိုင်းစာအုပ်၊ ဒဿနစာအုပ်၊ မနုဿဗေဒစာအုပ်၊ နက္ခတ်ဗေဒင်စာအုပ်၊ အနုပညာစာအုပ်၊ စိတ်ပညာစာအုပ် စသည်ဖြင့် စုံလင်လှသည်။ နေ့တိုင်းသူဖတ်သည်။ (မည်သည့်စာအုပ်ကိုမှ ဆုံးအောင် မဖတ်ခဲ့။) မလိုအပ်တော့သော စာအုပ်များကို အခန်းပြင်သို့ပို့ထားရင်း အခန်းထဲမှာ စာအုပ်တွေ ပါးသွား၏။ နောက်ဆုံးတော့ တစ်အုပ်မှ မကျန်တော့ပဲ အခန်းထဲမှာ ရှင်းလင်းငြိမ်သက်သွားသည်။ ထိုနေ့မှာ ပရက်စလေ၏ တေးသွားတစ်ပုဒ်ကို တိုးတိုးဖွင့်ရင်း နှစ်နှစ်ခြိုက်ခြိုက် သူ အိပ်ပျော်သွားခဲ့လေသည်။
သူ့ဘ၀သည် မည်သို့မှ မပြောင်းလဲခဲ့။ ပြောင်းလဲမည်ဆိုလျှင် ပြောင်းလဲစရာတွေ ကြုံခဲ့ပါ၏။ သို့သော် သူက မပြောင်းလဲသဖြင့် အရာရာသည် သူ့ကို ထားခဲ့ပြိး သူတို့ဘာသာ ပြောင်းလဲသွားခြင်း ဖြစ်လေသည်။ သူကား ငြိမ်းချမ်းစွာ ကြွင်းကျန်ရစ်၏။ သုညလေးတစ်လုံးပမာ တိတ်ဆိတ်စွာရှိနေ၏။ သူ့ကို ထားခဲ့ပြီး လမ်းပေါ်မှာ ကွေ့ပတ် ချီတက်နေသော တစ်၊နှစ်၊သုံး၊လေး တို့ကို ကြည်လင်အေးချမ်းစွာ ငေးကြည့်ပြီး ကျေနပ်စွာ နေရစ်ခဲ့၏။
ထိုသို့ဖြင့် ကုန်လွန်ခဲ့သော ရက်ပေါင်းများစွာကို မျောလွင့်နေသည်။ ဆပ်ပြာပူဖေါင်းလေးဟာ ပေါ့ပါးလွတ်လပ်စွာ သူဖြတ်သန်းခဲ့လေသည်။
လှပသော နံနက်ခင်းတစ်ခု၌ ခြံထဲမှ ပန်းပင်များကို သူလိုက်ကြည့်နေစဉ် ဌေးမြင့်သိန်း ၀င်လာ၏။
`ချမ်းငြိမ်း.. .. အပြင်သွားရအောင်ကွာ´
`ဘယ်လဲ´ဟု မမေးပဲ သူ ထွက်လိုက်ခဲ့၏။ လမ်းမှာ ဌေးမြင့်သိန်းက ပြောသည်။
`ငါ.. ..မနေ့က အောင်ခိုင်တို့၊ မောင်မောင်သန်းတို့ နဲ့တွေ့တယ်။ တော်တော်လေးကြာအောင် စကားပြော ဖြစ်ကြတယ်။ သီဟအကြောင်းကြားရတာ မကောင်းဘူးကွာ´
`အင်း´
သူတို့ချင်း မပြေလည်ကြဘူးကွ။ တွဲတုန်းက အရမ်းတွဲခဲ့ကြတဲ့ ကောင်တွေလည်း အခု ခွာပြဲကုန်ပြီ။ ဒါပေမဲ့ သီဟက တစ်အုပ်စုလုံးမှာ ဘယ်သူနဲ့မှ မတည့်တော့ဘူးကွ။
`အင်း´
`ငါတို့က အနေဝေးတော့ သိပ်မသိဘူးပေါ့ကွာ။ သူတို့ချင်းကျတော့ အတွင်းသိ ဖြစ်နေတာကိုးကွ။ သီဟက အတော် လူလည်ကျတဲ့ကောင်ပဲ။ အချင်းချင်းကိုလည်း ကျော်နင်းပြီး တက်သွားတာတွေ အများကြီးပဲ။ ဒီကောင်မကောင်းဘူးကွာ။´
အောင်ခိုင်တို့ မောင်မောင်သန်းတို့က သီဟနှင့် ဘောလုံးကန်ဖေါ်ကန်ဖက်များ ဖြစ်၏။ သူတို့တွေ အတူ ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ သီဟက နိုင်ငံတကာ ကစားပွဲများတွင် တိုင်းပြည်ကိုယ်စားပြုပြီး သွားကစားနေရပြီ ဖြစ်သည်။ စင်ကာပူမှ ပြန်လာသည်ပင် မကြာသေးဟု သိရသည်။ အောင်ခိုင်တို့ မောင်မောင်သန်းတို့က အစပိုင်း၌ သီဟနှင့် မတိမ်းမယိမ်း ထူးချွန်ကြသော်လည်း နောက်ပိုင်းမှာ ပြတ်ကျန်ခဲ့သည်။ ယခု သူတို့က ပထမတန်း ကလပ်အသင်းများတွင် ကစားနေကြလေသည်။
ထို့နောက် စကားလမ်းကြောင်းက ပြောင်းသွားသည်။
`မိုးကောင်းဘုရားပွဲကို မင်းသွားလိုက်စမ်းပါ´
`ဘာဖြစ်လို့လဲ´
လပြည့်ညကျရင် အဲဒီပွဲခင်းထဲက `ဆုံဆည်းရာ´ ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ တို့အထက်တန်း ကျောင်းတုန်းက သူငယ်ချင်းတွေ အားလုံးလိုလို ပြန်ဆုံကြမယ်တဲ့။ အဲဒီ လက်ဖက်ရည်ဆိုင်ကလည်း မူမူတို့ဖွင့်တဲ့ဆိုင်တဲ့။
သူတို့၏ အထက်တန်းကျောင်းသည် မိုးကောင်းဘုရားအနီးတွင် ဖြစ်၏။ မိုးကောင်းဘုရားမှာ ပွဲတော်လုပ်လျှင် ကျောင်းသားများ သိပ်ပျော်ကြ၏။ ကျောင်းချိန်အတွင်း ခိုးခိုးသွားကြရသော ပျော်စရာ ရင်ခုန်စရာဖြစ်၏။ ယခု မိုးကောင်းဘုရားပွဲ ကျင်းပနေပြီ ဖြစ်သည်။ သူ စဉ်းစားနေသည်။
`လူစုံလိမ့်မယ်ကွ၊၀င်းဝင်းနွယ်တို့လည်း.. ..´
ဌေးမြင့်သိန်း ဘာဆက်ပြောမှန်းပင် သူမသိလိုက်ချေ။ ပခုံးစွန်း ခါခနဲဖြစ်ပြီး နောက်သို့ယိုင်သွားသည်။ ကိုယ်ကို ထိန်းပြီး ပြန်ကြည့်လိုက်သောအခါ မူးယစ်ဆေးဝါး မှီဝဲထားပုံရသော ကုလားဒိန်တစ်ယောက်ကို တွေ့ရ၏။ ကုလားဒိန်က သူ့ကို မျက်လုံးမှေးစင်းကြည့်ပြီး..
`ဘာလဲ.. ..ဟေ့ကောင်´
သူက ဘာမှပြန်မပြော။
`ငါ မူးနေလို့ တိုက်မိတာကို မင်းက ဘာပြန်ကြည့်တာလဲ။ မင်း ဘာလုပ်ချင်လဲ ဟေ့ကောင်´
သူက ပြုံးပြီး ကွေ့ရှောင်သွားရန် ပြင်စဉ်မှာပဲ ဌေးမြင့်သိန်း၏ မျက်နှာက တင်းခနဲဖြစ်ပြီး ကုလားဒိန်၏ ကော်လာကို လှမ်းဆွဲ၏။
`ဟေ့ကောင် မင်း ဘာပြောတာလဲ´
`ဌေးမြင့်သိန်း လာစမ်းပါကွာ´
`ဟာ.. မဟုတ်ပါဘူးကွာ၊ ဒီကောင်က လူပါးဝလို့´
`ထားလိုက်ပါကွာ၊ လာစမ်းပါ´
ဌေးမြင့်သိန်းကို သူရအောင် ပြန်ခေါ်လာနိုင်ခဲ့၏။ ဌေးမြင့်သိန်းက ဒေါသဖြင့် မျက်နှာကြီးနီရဲကာ တစ်လမ်းလုံး တက်တခေါက်ခေါက် ဖြစ်နေ၏။ သူက ရယ်နေသောအခါ သူ့ပခုံးကို လက်သီးဖြင့် ဖွဖွလှမ်းထိုးလေသည်။
`မင်းကလည်း ဘယ်လိုကောင်မှန်းမသိဘူး´
`ဘာဖြစ်လို့လဲ´
`ဟုတ်ပါတယ်၊ ဘာမှမဖြစ်ပါဘူး၊ မင်းဘာမှ မဖြစ်နိုင်လွန်းလို့ကို ငါက ပြောတာပါ။ မင်း စိတ်မတိုဘူးလား´
`ငါစိတ်တိုတာ မင်းဘယ်တုန်းက မြင်ဖူးလို့လဲ´
ဌေးမြင့်သိန်းငြိမ်သွားသည်။ ပြီးမှ `အေး.. ..ဟုတ်တယ်´ဟု ပြော၏။ သူက အမှတ်မထင် ပြောလိုက်သည်။
`ငါက တန်ပြန်ယဉ်ကျေးမှုတွေကို မသုံးဘူးကွာ´
`ဘာလဲကွ၊ တန်ပြန် ယဉ်ကျေးမှုဆိုတာ´
`လူတွေက အဲဒီတန်ပြန်ယဉ်ကျေးမှုကို သိပ်သုံးကြတယ်ကွ´
ဌေးမြင့်သိန်းက သူ့မျက်နှာကို ငေးကြည့်နားထောင်နေသည်။ သူက ဆက်ပြောလိုက်၏။
``အင်မတန် ရိုးရှင်းမှားယွင်းတဲ့ ယဉ်ကျေးမှုပဲ။ ကိုယ့်အပေါ်ကောင်းတဲ့လူကို ပြန်ကောင်းတယ်။ ကိုယ့်အပေါ်ဆိုးတဲ့သူကို ပြန်ဆိုးတယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူက ဆိုးသွားရင် ကိုယ်ကလည်းလိုက်ဆိုးတယ်။ ကိုယ့်အပေါ်ဆိုးတဲ့သူက ကောင်းလာရင် ပြန်ကောင်းပေးမယ်။ တစ်ယောက်ကို တစ်ယောက်က ဆွဲငင်ထားတယ်။ ကိုယ့် အကျိုးစီးပွားနဲ့ ချိန်ထိုးပြီး ပြန်လှန် ဆက်ဆံကြတယ်။ အဲဒီလိုနဲ့ ခုပြုံး၊ ခုရယ်၊ ခုငို၊ခုပဲလက်ကမ်း၊ ခုပဲပုတ်ထုတ်၊ ကိုယ့်ကိုယ်ကို အရူးလုပ်၊ တစ်ယောက်ကို တစ်ယောက်အရူးလုပ်ရင်း စက်ဝိုင်းနက်ကြီးထဲမှာ လည်နေကြတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ စက်ဝိုင်းနက်ကြီးက စုပ်ဝဲတစ်ခုလို ဆွဲနှစ်သွားတယ်။ အားလုံးဟာ ပူလောင်ရုန်းကန်နေရတော့တယ်။ အဲဒါ ဒီလောကကြီးထဲက `လူ´ ဆိုတဲ့ သတ္တ၀ါတွေရဲ့ လက်ရှိဖြစ်နေတဲ့ `ဘ၀´ ပဲ´´
ဌေးမြင့်သိန်းက နှုတ်ခမ်းကိုက်ကာ ခေါင်းငုံ့ထား၏။ ပြီးမှ သူတစ်ကိုယ်တည်း ပြောသလိုနှင့်.. ..
`တန်ပြန်ယဉ်ကျေးမှု၊ အင်း.. ဟုတ်တယ်လေ။ အဲဒီ တန်ပြန်ယဉ်ကျေးမှုကိုပဲ သုံးနေရတာပဲ။ အဲဒါကို မင်း မသုံးရင် ဘယ်လိုလုပ်မလဲ´
`ကိုယ့်အပေါ် မကောင်းတဲ့သူကိုလည်း ပြန်ကောင်းရမယ်။ အဲဒါမှ စက်ဝိုင်းနက်ကြီးအဖြစ်ကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားလိမ့်မယ်´
သူ့စကားတွေ နားထောင်ရင်း ဌေးမြင့်သိန်း၏ မျက်နှာက တည်ကြည်နေသည်။ ပြောကြဆိုကြရင်း လမ်းခွဲရမည့်နေရာသို့ ရောက်လာ၏။ ထိုနောက်မှ ပြန်လှည့်ကာ..
`လပြည့်ညကျ မင်းသွားလိုက်ဦးနော်´
`မင်းကကော..´
`ငါ မအားဘူးကွ။ အဲဒါ မင်းကိုလာပြောတာ။ မင်းကတော့ သွားဖြစ်အောင် သွားလိုက်စမ်းပါကွာနော်´
သူ စဉ်းစားလိုက်သေး၏။ ထို့နောက်မှ ခေါင်းညိတ်ပြလိုက်သည်။
( ၃ )
ရေပန်းကို ဖွင့်လိုက်သည်။ ဖြာမှုန့်၍ ကျလာသော ရေစက်ကလေးများကို နံဘေးမှ ကြည့်နေရင်း ရေ၏ အေးမြသောရနံ့ကို ရှူရှိုက်မိ၏။ ထို့နောက် ရေပန်းအောက်တွင် ၀င်ရပ်ကာ စိမ့်အေးသွားအောင် ရေချိုးနေလိုက်၏။
သူ့ရေချိုးမှုက မည်သူနှင့်မျှ မတူချေ။
ဦးကင်းမှ ခြေဖျားတိုင် ပွတ်ဆင်းကျလာသော ရေစက်များက သူ့ရုပ်ခန္ဓာတင်မကပဲ သူ၏ စိတ်ဝိညာဉ်ထဲကိုပါ စိမ့်ယိုဖောက်ဝင်ခဲကသည်ဟု သူခံယူသည်။ ရုပ်ကိုရော စိတ်ကိုပါ သူ ရေချိုးခြင်းဖြစ်သည်။ ဤချိုးရေဖြင့် ရုပ်နှင့်စိတ်တို့ အေးမြစင်ကြယ်ကာ အညစ်အကြေးဟူသမျှ လျှောကျလွင့်ပြယ်သွားပြီဟု သူနားလည်၏။ ရေချိုးသောအခါတိုင်း၌ သူသည် စိုပြည်ချမ်းမြေ့လျက် ရှိလေသည်။
ပွဲတော်သို့ သူထွက်ခဲ့၏။
သူရောက်သောအခါ မိုးကောင်းကင်မှ ကြယ်တာရာများပင် ၀င်းပစုံလင်စပြုပြီ ဖြစ်၏။ ပွဲတော်သည် ဖြူလက်နေသော လျှပ်စစ်မီးများ၊ ၀တ်ကောင်းစားလှနှင့် ပွဲလာကြသူများ၊ တခြိမ်းခြိမ်း ထွက်ပေါ်နေသော ဆိုင်းသံဗုံသံများ၊ ကြိုးချည်ထားသော မိုးပျံပူဖေါင်းများ၊ ဟန်ကျပန်ကျ ထွက်ပေါ်နေသည့် ရယ်မောသံများ၊ မီးတောက်ကို ဘယ်ပြန်ညာပြန် ခုန်အုပ်နေသည့် မုန့်လေပွေများ၊ အလှူခံနေသည့် စကားပြောခွက်သံများ စသည်တို့နှင့် စည်ပင်နေသည်။
လူအုပ်ကြားထဲမှာ သူ မျောပါသွားသည်။ လူတွေကို သူလိုက်ကြည့်မိ၏။ လူတွေအားလုံး မျက်နှာဖုံးတွေ စွပ်ထားကြ၏။ စက္ကူ၊ ရာဘာ စသည်တို့နှင့် ပြုလုပ်ထားသော အရုပ်မျက်နှာဖုံးများမဟုတ်။ သူတို့၏ စိတ်က သူတို့၏ မျက်နှာပေါ်မှာ ဖြန့်ကြက်ခြုံ အုပ်ထားသည့် သောက မာန စသော အရိပ်မျက်နှာဖုံးများ ဖြစ်ကြသည်။
အချို့မျက်နှာဖုံးများက အသားကျလျက် ချပ်ချပ်ရပ်ရပ်ဖြစ်နေပြီ။ အချို့မျက်နှာဖုံးများကတော့ အသားမကျသေးပဲ ဘတ်လတ်ဘတ်လတ် ဖြစ်နေသည်။ ချိုလွင်လွတ်လပ်သော ရယ်မောသံများကြားမှာ ကျွတ်ထွက်လာသည့် အချို့မျက်နှာဖုံးများကလည်း လေထဲမှာ ပေါလောမျောနေကြ၏။ ပွဲတော်မှ အပြန်တွင်တော့ သူတို့၏ ပိုင်ရှင်များထံ ပြန်လည် လိုက်ပါသွားကြမည် ဖြစ်သည်။
ဆည်းလည်းသံ တိုးဖွဖွ ကြားမိ၍ စေတီတော်၏ရင်ပြင်ပေါ် သူတစ်လှမ်းချင်းတက်ခဲ့သည်။ ဘုရားရိပ် တရားရိပ်သည် အေးသီတိတ်ဆိတ်လျက်။ ဘုရားအာရုံပြုသော လူအချို့မှာ မျက်နှာတစ်ဝက်၊ မျက်နှာဖုံးတစ်ဝက်ဖြစ်နေသည်။ အချို့မျက်နှာဖုံးများကတော့ မျက်နှာပေါ်မှာ ကော့လိမ်တွန့်လိပ်နေသည်။ အချို့လူများသာ ပကတိမျက်နှာဖြင့် မျက်လွှာချထားကြသည်။ စေတီကို တစ်ပတ်ပတ်ပြီး သူ ပြန်ဆင်းလာခဲ့သည်။
သတ်မှတ်ထားသော လက်ဖက်ရည်ဆိုင်ကို အခက်အခဲမရှိ ရှာတွေ့လိုက်၏။ မီးဆိုင်းများ ချိတ်ဆွဲထားသည်။ `ဆုံဆည်းရာ´ အမည်ရှိ ဆိုင်းဘုတ်အောက်မှာ `မူမူ´ ကို ကြော့ကြော့မော့မော့ မြင်လိုက်မိ၍လည်း ဖြစ်သည်။
`ဟာ.. .ချမ်းငြိမ်းဟေ့´
လက်ဖက်ရည်ဆိုင်ထဲမှာ သူငယ်ချင်းများ အတော်စုံလင်နေ၏။ ဟိုဝိုင်းသည်ဝိုင်းမှ သူ့ကိုလှမ်းခေါ်ကြ၏။ သူလည်းအားလုံးကို ပြုံးပြုံးရယ်ရယ်ဖြင့် ပြန်နှုတ်ဆက်ဖြစ်သည်။ အချို့သော သူငယ်ချင်းများကိုမူ သူမသိ။ (တစ်ကျောင်းတည်း နေခဲ့သူများဖြစ်ကြောင်းကို မှတ်မိသည်။) မူမူက သူ့နံဘေးမှ ၀င်ထိုင်ကာ စကားတွေဖောင်နေအောင် ပြောသည်။ မူမူ့စကားအဆုံးမှာ အားလုံးကို မျက်လုံးဝှေ့ကြည့်ပြီးမှ သူက တစ်ခွန်းမေးလိုက်၏။
`ကျော်အောင်နဲ့တွေ့သေးလား၊ ဖိတ်ဖြစ်လား၊ သူ ဒီကို လာမလား´
မူမူက သွားတက်ကလေးပေါ်အောင် ရယ်၏။
`မတွေ့ဘူး၊ မဖိတ်ဖြစ်ဘူး၊ သူဒီမှာလည်း မရှိဘူး´
`ဘယ်မှာလဲ´
`ထိုင်ဝမ်မှာ´
`သြော်..´
မူမူက ပြန်မေးသည်။
`ချမ်းငြိမ်းနဲ့ ၀င်းဝင်းနွယ်နဲ့ တစ်ခါတွေ့သေးတယ်ဆို..´
`သြော်.. ..အင်း..ဟုတ်တယ်´
`နောက်ထပ်ကော တွေ့ဖြစ်သေးလား´
`ဟင့်အင်း..´
သူ သီဟကို သတိရလာသည်။
`သီဟ မရောက်သေးဘူးလား´
`ဟင့်အင်း.. ဟိုထောင့်မှာ သူ့အုပ်စုတော့ ရောက်နေပြီ၊ သူမပါဘူး။´
အောင်ခိုင်တို့၊ မောင်မောင်သန်းတို့ကို ဆိုလိုခြင်းဖြစ်သည်။ ခုနကပင် သူနှင့် နှုတ်ဆက်လိုက်ကြပြီးဖြစ်၏။
`သီဟက လာကောလာမှာလား´
`ဖိတ်တော့ ဖိတ်ထားတာပဲဟာ။ လာç မလာ အသေအချာ ငါမသိဘူး။ ဟိုအကောင်တွေမှ သိမှာပဲ။ သီဟက ပြောင်းလဲနေပြီ။´
ထို့နောက် သူက သူငယ်ချင်းများကို တစ်ဝိုင်းပြီး တစ်ဝိုင်းလိုက်နှုတ်ဆက်၏။ အောင်ခိုင်တို့ ၀ိုင်းရောက်သောအခါ သူ မေးဖြစ်သည်။
`သီဟ မပါဘူးလား´
သူ့အမေးကို မဖြေသေးပဲ သူတို့ချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြ၏။ ထို့နောက် အောင်ခိုင်က ခနဲ့သံ တစ်ချက်ကို `ဟင့်´ ခနဲပေးပြီးပြောသည်။
`ဒီကောင်က ဘ၀မေ့သွားပြီကွာ´
`ဘာဖြစ်လို့လဲ´
`သြော်.. နိုင်ငံကျော် ဘောလုံးသမားကြီးလည်းဖြစ်၊ တခြားနိုင်ငံတွေကလည်း သူတို့ဆီမှာ လာကန်ဖို့ ကြေးကြီးပေးပြီး အတန်တန် ဖိတ်ခေါ်နဲ့ ဆိုတော့ ဒီကောင် ဘ၀မေ့သွားပြီကွ။ ငါတို့ကို မြင်ရင်တောင် မှတ်မိပါ့မလားမသိဘူး။´
ပြောပြီး ၀ါးခနဲ ရယ်ကြသည်။ `ချမ်းငြိမ်းကိုတော့ မှတ်မိမှာပါကွာ၊ မင်းကလည်း´ ဟု မောင်မောင်သန်းက ၀င်ပြော၏။
`အေး.. ဟုတ်တယ်၊ မင်းကိုတော့ သူ မမေ့ဘူး ချမ်းငြိမ်းရေ။ ငါတို့ကတော့ ဒီကောင်နဲ့ ပါတ်သက်ပြီး အများကြီးခံစားခဲ့ရတယ်။ အခုတော့ သဘောပေါက်သွားပြီ။ ဒီကောင်နဲ့ ငါတို့ မပါတ်သက်တော့ဘူး ချမ်းငြိမ်းရ။ ငါတို့ ဒိုင်ယာရီထဲမှာ ဒီကောင့်အတွက် စာမျက်နှာ မရှိတော့ဘူး။´
သူထိုဝိုင်းမှ ထသောအခါ စိန်ထွားက ဆွဲခေါ်သွားပါသည်။ စိန်ထွားက အထက်တန်းကျောင်းမှ သူနှင့် အခန်းမတူခဲ့သော သူငယ်ချင်းဖြစ်၏။ တက္ကသိုလ်ပညာ မပြီးဆုံးလိုက်ပဲ ယခု ကုန်သည်တစ်ယောက်ဖြစ်နေသည်။ ထွေရာလေးပါး ပြောနေကြရင်း စိန်ထွားက..
`သီဟ အခုထက်ထိ မရောက်သေးဘူးနော်။ ငါက မင်းတို့သုံးယောက်ကို တွေ့ချင်လို့ ရောက်အောင်လာတာ။ ၀င်းဝင်းနွယ်ကတော့ လာမှာပါ´
`သီဟက လာချင်မှလာမှာတဲ့´
`မဟုတ်ဘူး ရောက်နေပြီ။ ဒီကို မ၀င်သေးတာ၊ ဟိုဘက်ဈေးဆိုင်တန်းမှာ ငါနဲ့ လက်လှမ်းပြခဲ့ပြီးပြီ။ ဘာလုပ်နေလို့ ဒီကို မရောက်သေးတာလဲ မသိဘူး´
`သြော်..´
ခဏကြာတော့ မူမူ့ကို ခွင့်တောင်းကာ ပွဲခင်းထဲ သူ လမ်းလျှောက်ထွက်ခဲ့၏။ ပြန်လာခဲ့မယ်ဟု ကတိပေးခဲ့ရသေးသည်။ ပြန်မလာရင် ပန်းချီကားတစ်ချပ် လက်ဆောင်ပေးရမယ်ဟု မူမူက ကြိမ်းဝါး၏။ သူရယ်ရင်း ထွက်လာခဲ့သည်။
ဟိုဟိုသည်သည် လျှောက်သွားနေရင်းက သူ့ပခုံးပေါ် လက်တစ်ဖက်ကျလာသည်။
`ချမ်းငြိမ်း´
လှည့်ကြည့်တော့ သီဟကို တွေ့ရသည်။
`မင်း ၀င်သွားကတည်းက ငါတွေ့တယ်၊ ငါ ခေါ်မလို့ပဲ။ အလှမ်းသိပ်ဝေးနေလို့´
`မင်းက လက်ဖက်ရည်ဆိုင်ကို ဘာကြောင့်လိုက်မလာတာလဲ။ မသွားဘူးလား´
သီဟက ခပ်မှုန်မှုန်ပြုံးသည်။
`လာကွာ.. တစ်ဆိုင်ဆိုင်မှာ ထိုင်ရအောင်´
သီဟက သူ့လက်ကို တင်းတင်းဆုပ်လျက် ကြံရည်ဆိုင်တစ်ဆိုင်ထဲသို့ ခေါ်သွား၏။ `ငါ မင်းကို အေးအေးဆေးဆေး စကားပြောချင်နေတာကြာပြီ။ မင်းကတော့ ငါ့ကို နားလည်မှာပါ´ ဟုလည်း ပြောသေး၏။
သို့သော် အတန်ကြာသည်အထိ မည်သည့်စကားမှ မပြောသေးချေ။ သီဟ စကားပြောဖို့ အားယူနေပုံမှာ ဓားအိမ်ထဲမှ ဖြည်းညင်းစွာ ထွက်လာသည့် ဓားတစ်လက်နှင့် တူလှသည်။
ပွဲတော်ညက လင်းပြာလှပနေဆဲ ဖြစ်၏။ တစ်ဖက် မိုးကောင်းကင်သို့ မျှော်ကြည့်လိုက်သောအခါ လရောင်အောက်မှ တိမ်ခိုးတွေ မျောလွင့်နေတာကို တွေ့ရ၏။ ပွဲတော်၏ ခေါင်မိုးမှာ နှင်းငွေ့နှင့် မီးခိုးငွေ့တွေ လူးလိမ့်နေသည်။
`ငါက ငယ်ငယ်ကတည်းက ဓားတွေကို သိပ်သဘောကျတယ်။ ဓားတစ်လက်ရဲ့ ဂုဏ်သိက္ခာကိုလည်း လေးစားတယ်´
ပြောပြီး ဂျာကင်အိတ်ထဲမှ ဓားလှလှလေးတစ်လက်ကို ထုတ်ပြ၏။ (ဤပွဲဈေးတန်းမှပင် ၀ယ်လိုက်ဟန် တူသည်) ပြီး.. အိတ်ထဲပြန်ထည့်သည်။
`ငါ့ကိုယ်ငါလည်း ဓားတစ်လက်လို ထက်မြက်အောင် သွေးခဲ့တယ်။ ငါ့ဘ၀မှာ ကြိုးစားခဲ့ရတာတွေ အများကြီးပဲ။ စောင့်စည်းထိန်းသိမ်းခဲ့ရတာတွေလည်း အများကြီးပဲ။ ငါကြိုးစားခဲ့တာတွေဟာ အဆင့်တစ်ခုတိုင်အောင် အောင်မြင်ခဲ့ပါပြီ။ ငါ ဘောလုံးသမား တစ်ယောက်အဖြစ် အောင်မြင်နေတာကို မင်းကြားမယ်နော်။ ငါ.. ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာကိုတော့ မင်းသိချင်မှသိမယ်။ ငါက ရည်ရွယ်ချက် သိပ်ကြီးခဲ့တယ် သူငယ်ချင်း။ ဘောလုံးလေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ခဲ့ရတယ်။ ဆရာကောင်းတွေဆီ ချဉ်းကပ်ရတယ်။ စာအုပ်တွေ အများကြီးဖတ်ရတယ်။ ဆိုက်ကိုကျင့်စဉ်တွေ၊ ယောဂီကျင့်စဉ်တွေ အလေးအနက် လေ့ကျင့်ရတယ်။ အစစ အရာရာ သတိထားပြီး အဲဒီလို ကြိုးစားခဲ့လို့ ဒီလောက်အထိဖြစ်လာတာပါပဲ။ ဒါပေမဲ့ ဒီကြားထဲမှာ ငါ မထင်တာတွေလည်း ဖြစ်လာခဲ့တယ် သူငယ်ချင်းရေ..´
`အစကတော့ ကိုယ်နဲ့ ၀ါသနာတူ သူငယ်ချင်းတွေနဲ့ တွဲပြီး အားကစားလောကထဲကို ရင်ပေါင်တန်း ၀င်ခဲ့တာပဲ။ ငါ့လောက် ကြိုးစားမှုမရှိတော့ သူတို့က တဖြည်းဖြည်း ပြတ်ကျန်ခဲ့တယ်။ လူတွေက သူတို့ထက် ငါ့ကို ပိုသိ၊ ပိုတန်ဖိုးထားပြီး ဆက်ဆံလာကြတယ်။ ငါက ကြိုးစားမှုကို တစ်ထစ်မှ လျှော့မပေးရဲပဲ ဆက်တိုးဝင်ရင်း မြင့်သည်ထက် မြင့်သွားတယ်။ သူတို့တွေက ကျန်ရစ်ခဲ့ကြတယ်။ အဲဒီအခါ မမျှော်လင့်ပဲ သူတို့က ငါ့ကို ၀ိုင်းပယ်လိုက်ကြတယ်။´
`ငါ့အကြောင်း မကောင်းသတင်းတွေလည်း လျှောက်ပြောကြတယ်။ ငါ့ကိုလည်း သူတို့က ညွှန်ပြ သင်ကြားပေးခဲ့လို့ အဲဒီ အဆင့်အထိ ဖြစ်လာသယောင်လည်း လျှောက်ပြောကြတယ်။ တခြားလူတွေက သူတို့ရှေ့မှာ ငါ့ကို ချီးကျူးမိလေလေ သူတို့က ငါ့ကို ရန်သူအဖြစ် မနာလို စိတ်ကြီးစွာနဲ့ သတ်မှတ်လာလေလေ ဖြစ်နေတယ်။ ငါလည်း သူတို့ အပေါ်မှာ ဘာတစ်ခုမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ သူများကို မကောင်းကြံဖို့လည်း ငါ့မှာ အချိန်မရှိဘူး။ အဲဒိလို အောက်တန်းကျတဲ့ လူတစ်ယောက်အဖြစ်လည်း ငါ့ကိုယ်ငါ ဘယ်တော့မှ တွန်းမပို့ဘူး။ ဒါပေမဲ့ ငါ အထီးကျန်ဖြစ်သွားတာကို ငါ အံ့သြတယ်။´
`ဘောလုံးကို ဗဟိုပြုပြီး သူတို့နဲ့ ငါ တွဲခဲ့စဉ်တုန်းမှာ သူတို့ဟာ ငါ့ရဲ့ သေဖေါ်ရှင်ဖက် အပေါင်းအသင်းတွေ လို့ပဲ ငါထင်ခဲ့တယ်။ သူတို့ကိုလည်း ငါသိပ်ခင်ခဲ့တယ်။ အခု..ဒီလူအုပ်ထဲက ဖောက်ပြီး ငါတစ်ယောက်တည်း အောင်မြင်သွားတဲ့ အချိန်မှာ သူတို့က ငါ့ကို ဘာအကြောင်းမှ မရှိပဲ ညီညီညွတ်ညွတ် ၀ိုင်းပယ်လိုက်ကြတယ်။ ငါ့မှာ အဖေါ်မရှိတော့ဘူး။ အောင်မြင်ကျော်ကြားတဲ့ အားကစားသမား တစ်ယောက်အနေနဲ့ အခု ငါ့ဘေးမှာ အခြွေအရံတွေ အများကြီးပါ။ ဒါပေမဲ့ လူတွေဟာလည်း ငါ့မှာ အောင်မြင်ကျော်ကြားမှုတွေ မရှိတော့တာနဲ့ တပြိုင်နက် ငါ့ဘေးက ပြန်ထွက်ခွာသွားကြမဲ့ လူတွေဆိုတာ ငါသိတယ်။ သေချာတာက တစ်ချက်ပဲရှိတယ်။ ငါ အင်မတန်မြတ်နိုးတဲ့ သရဖူကို ရလိုက်တဲ့ အချိန်မှာပဲ ငါဟာ တစ်ယောက်တည်း အထီးကျန်ဖြစ်သွားတယ်ဆိုတာပဲ။ လောကက နာကြည်းစရာ ကောင်းလှတယ် သူငယ်ချင်းရာ´
ဆွေးမြည့်နာကျင်သော လေသံဖြင့် ရှည်လျားစွာ ပြောသွား၏။ ထို့နောက် ကိုယ်ကို ဆန့်လိုက်ရင်း..
`ဒါပေမဲ့ ရပါတယ်လေ၊ ငါ့နာမည် သီဟပဲ။ သီဟဆိုတာ ခြင်္သေ့၊ တစ်ကောင်တည်းနေတဲ့ အမျိုး။ ကောက်ကျစ်တဲ့ မြေခွေးတွေလို အုပ်ဖွဲ့ထားစရာ မလိုဘူး။´ ဟု ထပ်ပြော၏။ မျက်လုံးတို့ အရောင်ဝင်းလာကာ ကိုယ်ဟန်အနေအထားမှာလည်း (ရန်သူကို တိုက်ခိုက်ရန်) လိပ်ထားရာမှ ဖြေဆင်းချလာသော ကြာပွတ်တစ်ချောင်းနှင့် တူလာပြန်သည်။
သူက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း သီဟကို စကားပြောမည် ပြုလိုက်၏။ ထိုစဉ်မှာပင်..
`ကိုသီဟ´
ဆိုင်ထဲသို့ လူအချို့ ၀င်လာသည်။ သီဟ၏ အာကစားပရိတ်သတ်များ ဖြစ်၏။ ပွဲတော်သို့ လာရင်း သီဟကို တွေ့၍ ၀မ်းသာအားရ ၀င်နှုတ်ဆက်ကြခြင်း ဖြစ်သည်။ ထို့နောက် လူတစ်ယောက်နှင့် တွေ့ပေးရန်ဟု ဆိုကာ သီဟကို အတင်းဆွဲခေါ်ကြ၏။
`လိုက်သွား သီဟ၊ လိုက်သွားလိုက်ပါ။ ငါတို့က နောက်မှပဲ အေးအေးဆေးဆေး ထပ်တွေ့ကြသေးတာပေါ့။´
သီဟ ထိုလူအုပ်နှင့် ကန့်လန့်ကန့်လန့် ပါသွားလေသည်။
`ဆုံဆည်းရာ´ လက်ဖက်ရည်ဆိုင်သို့ သူတစ်ခေါက်ပြန်ရောက်သည်။ `၀င်းဝင်းနွယ်တို့ အခုပင် ဈေးတန်းထဲ ၀င်သွားကြသည်´ ဟု မူမူက ဆီးပြောသည်။ လက်ဖက်ရည်ဆိုင်မှာ အတော်ကြာကြာ စကားထိုင်ပြောပြီးနောက် ပွဲဈေးခင်းထဲသို့ သူ တစ်ခေါက် ထပ်လျှောက်လာခဲ့သည်။
ဇာတ်ရုံ၊ ရုပ်ရှင်ရုံများကို သူ ပိုစတာ လျှောက်ကြည့်နေလိုက်သည်။ ဆပ်ကပ်ရုံတစ်ရုံရှေ့ အရောက်မှာ ဘာရယ်မဟုတ်ပဲ လက်မှတ်ဝယ်ကာ သူ အထဲဝင်ခဲ့သည်။ ဇာတ်ခုံပေါ်မှာ ဂျော်ကီတစ်ယောက်က မြင်းလိမ္မာနှင့် ကစားပြနေလေသည်။
ထို့နောက် မျောက်လိမ္မာ၊ မြွေလိမ္မာ၊ ဆင်လိမ္မာတို့လည်း တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။ မျက်လှည့်ဝိဇ္ဇာ၊ စက်ဘီးဝိဇ္ဇာ စသူတို့ကလည်း အမျိုးမျိုးအဖုံဖုံ ပညာစွမ်းပြ၏။ ပရိသတ်၏ လက်ခုပ်သြဘာသံ များကလည်း စည်ညံနေ၏။ ထိုကြားထဲမှပင် မှောင်ဖျော့သော အလင်းရောင်အောက်ဝယ် သီဟကို သူတွေ့လိုက်ရခြင်း ဖြစ်လေသည်။
သီဟသည် သူနှင့် မနီးမဝေး ထိုင်ခုံတစ်လုံးတွင် ထိုင်နေ၏။ သီဟနှင့်သူ မည်သူက အရင်ရောက်ခဲ့သည်ကို သူမသိချေ။ သီဟကလည်း တစ်ယောက်တည်း ဖြစ်၏။ (စိတ်ညစ်ညစ်နှင့် ၀င်ကြည့်ပုံရသည်။) သီဟက သူ့ကို မြင်ပုံမရ။ ဇာတ်ခုံပေါ်မှ ပဉ္စလက်ပြကွက်များကို မျက်မှောင်ကြုတ်ကာ ကြည့်နေ၏။
ထို့နောက် `သည်းထိတ်ရင်ဖို ပြကွက်ကို ရှုစားရပါတော့မယ်´ ဆိုသော ကြေညာသံနှင့်အတူ ကန့်လန့်ကာ ချ၏။ ပရိသတ်တွေ လက်ခုပ်တဝေါဝေါ တီးကြ၏။ ကန့်လန့်ကာ ပြန်ဖွင့်၏။ လက်ခုပ်သံက ပို၍ညံသွားသည်။
ဆုံလည်စက်ဝိုင်းကြီးတစ်ခုတွင် မိန်းမတစ်ဦးကို ကြိုးဖြင့် ကပ်ချည်ထား၏။ ထိုမိန်းမ၏ ပတ်ပတ်လည်တွင် အမှတ်လက္ခဏာများကို နေရာတကျ ရေးထား၏။ သူ့ရှေ့ ခပ်လှမ်းလှမ်းမှာ ပေါက်ဓားများကို လွယ်ထားသော လူတစ်ယောက် ပရိသတ်ကို ဦးညွတ် အရိုအသေ ပြုနေ၏။ အသက်နှင့် ရင်းရသော ဓားပြကွက်ကို ပြတော့မည်ဖြစ်၍ ပရိသတ်က လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။ သူ့နံဘေးမှ ပရိသတ်များက အသက်ရှုမြန်ရင်း ပြူးကြောင်စွာ ကြည့်နေကြသည်။ မီးရောင်အောက်မှ ဓားရောင်က လင်းခနဲ ပျံထွက်သွား၏။ ပရိသတ်တစ်ဦးက `ဟာ´ ဟု အော်လိုက်ချိန်မှာပဲ ပေါက်ဓားက အမျိုးသမီး၏ ဦးခေါင်းအထက်မှာ ကပ်လျက် စိုက်ဝင်နေပြီဖြစ်၏။ လက်ခုပ်သံများ ဟိန်းညံသွားသည်။
ထို့နောက်မှာတော့ ဓားရောင်က တ၀င်းဝင်းပျံသန်းနေတော့၏။ လည်ပတ်နေသော စက်ဝိုင်းကြီး၏ အလယ်ဗဟိုမှာတော့ အမျိုးသမီးက နှုတ်ခမ်းကလေး တွန့်ကွေးကာ ပြုံးမြဲပြုံးလျက်။ သူမ၏ နံဘေးကပ်လျက်ကတော့ ခန္ဓာကိုယ်ကောက်ကြောင်းအတိုင်း ဓားတွေ တစ်လက်ပြီးတစ်လက် စိုက်ဝင်နေသည်။ (ထိုအမျိုးသမီး၏ အပြုံးက အောင်ခိုင်တို့၊ မောင်မောင်သန်းတို့ မျက်နှာပေါ်မှ အပြုံးနှင့် အတူတူပဲဖြစ်၏။)
`--------------------´
သီဟ၏ မျက်လုံးများမှာ အရောင်တဖျတ်ဖျတ်လက် နေသည်။ သီဟ၏ မျက်နှာသည် သိမ်မွေ့စွာ မာကြောနေ၏။ သီဟကို လှမ်းကြည့်မိရင်း သူ့ရင်ထဲမှာ အလိုအလျောက် နားလည်လိုက်၏။ ပစ်မှတ်ဗဟိုကို အခါခါ လွဲချော်နေသော `ဓား´ အတွက် သီဟ ရှက်နေခြင်းဖြစ်၏။ တစ်ဆက်တည်းမှာ ထပ်၍နားလည်လိုက်သည်က ဓားတစ်လက်၏ ဂုဏ်သိက္ခာကို သီဟ တစ်စုံတစ်ရာနှင့် ကာကွယ်တော့မည်။
`------------------------------
`------------------------------
သီဟ၏ မျက်လုံးတို့က ပစ်မှတ်ဗဟိုမှ အမျိုးသမီးကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ ထို့နောက် နှုတ်ခမ်းများကို လျှာဖြင့်သိမ်းလျက်ကာ လက်က ဂျာကင်အိတ်ထဲသို့ ရောက်သွားသည်။
`-----------------------------´
သူ ထိုင်ရာမှ ထလိုက်၏။ မှောင်ဝါးဝါး အလင်းထဲမှာပင် သီဟရှိရာသို့ သူလျှောက်ခဲ့သည်။ သီဟအနီးသို့ ရောက်လုရောက်ခင်မှာပင် သီဟလက်ထဲမှ ထက်မြက်သော ဓားသွားကို သူမြင်လိုက်ရ၏။
`သီဟ...´
ကြားဟန်မတူ၊ မျက်လုံးများက သံမဏိလို တင်းမာလျက် လက်ကို မြှောက်တင်လိုက်သည်။ ထိုအခိုက်မှာပင် ရုံထဲမှာ လျှပ်စစ်မီးပြတ်တောက်သွားသည်။ မှောင်မည်းသွားသည်။
သို့သော် ချက်ချင်းဆိုသလိုပင် မီးပြန်လင်းလာ၏။ ပစ်မှတ်ပေါ်မှ အမျိုးသမီးမှာ ပြုံးလျက်၊ ဓားများက သူ့အပါးမှာ တဒေါက်ဒေါက်စိုက်လျက်၊ ဓားသမားက ဦးညွတ်နှုတ်ဆက်လိုက်တိုင်းမှာ ပရိသတ်က လက်ခုပ်တီး သြဘာပေးလျက်။
(---------------------------------------------------)
ညဉ့်လေက အေးအေးလွင်လွင် ဖြတ်စီးနေသည်။
သန့်စင်သော ရနံ့တစ်မျိုးကို ရှုရှိုက်လိုက်ရသလို ရှိ၏။ မည်သို့ပင်ဖြစ်စေ နှစ်ယောက်လုံး စိမ့်အေးသွားသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယခုအခါ သူနှင့် သီဟတို့သည် ပွဲတော်၏ လူသူရှင်းသော တစ်နေရာကို ရောက်နေကြပြီဖြစ်သည်။
စုံညီနေပြီဖြစ်သော မိုးပေါ်မှ ကြယ်တာရာများကို တစ်ချက်မော့ကြည့်ကာ သီဟကို သူစကားဆိုဖြစ်၏။
`လောကမှာ လူပြိန်းတွေပဲများတယ် သီဟရဲ့။ အဲဒီစကားရှင်းပါတယ်။ မင်းလက်ခံတယ်မို့လား´
သီဟက ခေါင်းညိတ်ပြသည်။
`လောကနီတိတောင် ညွန်းတယ်မို့လား၊ ရဲရင့်သူကို သင်းခွဲပြီး အနိုင်ယူရမယ်တဲ့။ မင်းရဲ့အဖေါ်တွေဟာ သူတို့ထက် အများကြီးသာနေတဲ့ မင်းကို မနာလိုဖြစ်တဲ့အခါ ဒီနည်းကို သုံးလိုက်ကြတာပဲ´
သီဟ၏ မျက်နှာပေါ်မှာ အရိပ်အမျိုးမျိုးဖြတ်ပြေးနေသည်။ မျက်လုံးအစုံကလည်း မျှော်လင့်ချက်ဖြင့် အရောင်ဖြာလက်လာသည်။
`ဒါပေမဲ့ ဒီအပေါ်မှာ မင်း လွန်လွန်ကဲကဲ ခံစားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူ့သဘာဝမို့လို့ပဲ။ မင်းနေရာမှာ တခြားလူဆိုရင်လည်း မင်းလို အလုပ်ခံရမှာပဲ။ သူတို့နေရာမှာ တခြားသူတွေဆိုရင် သူတို့လုပ်သလို လုပ်ကြမှာပဲ။ မင်းမှ.. သူတို့မှရယ် မဟုတ်ပါဘူး။ အုပ်စုတစ်ခုထဲမှာ တစ်ယောက်က ကျန်သူ အားလုံးထက် မြင့်မားသာလွန်နေရင် ကျန်တဲ့သူတွေက သူ့ကို မနာလိုဖြစ်ပြီး စော်ကားတိုက်ခိုက်လာမှာပဲ။ လူ့လောကနဲ့ လူတွေဆိုတာ ဒီလိုပါပဲ သူငယ်ချင်းရယ်။ ပုထုဇဉ် လက်မှတ်ရထားတဲ့ သဘာဝကျကျ အရူးတွေဆီမှာ ဒီအတိုင်းဖြစ်နေမှာပဲ´
`လူ့သဘာဝတွေကို မင်းနားလည်မှုထားပေးလိုက်ပါ။ လူတွေမှာ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်ရင်လည်း ဖြစ်လာမယ်၊ ဖြစ်ချင်မှလည်း ဖြစ်လာလိမ့်မယ်။ လူ့သဘာဝဆိုတဲ့ ၀င်္ကပါထဲမှာ သူတို့ လှည့်လည်နေတာပဲ။ ကိုယ့်ကိုယ်ကိုမို့လို့ ထောက်ခံနေတာလည်း မဟုတ်ဘူး။ ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ သူတို့ လမ်းကြောင်း အတိုင်းသူတို့ လျှောက်နေရင်း ကိုယ့်ကို ခလုတ်တိုက်နေကြတာပါ။ အဲဒီသဘာဝကို နားလည်ထားမယ်ဆိုရင် လောကဟာ မင်းအတွက် တစ်ဝက်ပေါ့ပါးသွားပါလိမ့်မယ်´
`တကယ်တော့ ဒီလောကဟာ တို့ အခုဝင်ကြည့်ခဲ့တဲ့ ဆပ်ကပ်ကလေးထက် အများကြီးပွေလီတဲ့ ဆပ်ကပ်ကြီးပဲ။ ဆပ်ကပ်ပညသည်တွေ၊ ဆပ်ကပ်ကို သဘောကျလို့ လက်ဖ၀ါးချင်း ပါးရိုက်ပြီး သြဘာပေးတတ်သူတွေဟာ တို့ပါတ်ဝန်းကျင်မှာ ရေမရလောက်အောင် များလှပါတယ်။ လေ့လာသူတစ်ယောက်လို ကြည့်နေပါ သူငယ်ချင်း။ အဲဒီထဲမှာ ပါဝင်မခံစားပါနဲ့။ လောကမှာ သားရဲဘုရင်ဆိုတဲ့ ခြင်္သေ့တွေက မြက်မစားသလို လှည့်ဖြားကောက်ကျစ်တတ်တဲ့ မြေခွေးကလည်း မြက်မစားဘူး။ အဲဒါကိုတော့ အထူးသတိထားပါကွာ။ ကဲ.. ငါတို့ သွားကြရအောင်´
နှစ်ဦးသား ပွဲတော်၏လမ်းများအတိုင်း လျှောက်လာခဲ့ကြ၏။ မည်သူကမှ စကားဆက်မဆိုဖြစ်ပဲ တိတ်ဆိတ်စွာပင် ရှိပါသည်။ မူမူတို့ လက်ဖက်ရည်ဆိုင်အနီးသို့ ရောက်သောအခါ သူက..
`ငါ ပြန်တော့မယ် သီဟ၊ ငါမလိုက်တော့ဘူး´
သီဟက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း..
`သူငယ်ချင်း..´
ဘာမှ ဆက်မပြောနိုင်ပဲ အçနေသေး၏။ ပြီးမှ...
`ငါ့ဘ၀မှာတော့ မင်းကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူး။ မင်းကို ကျေးဇူးတင်တယ်လို့ ငါမပြောရက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဆင့်ထက် အများကြီးမြင့်ပြီး မင်း ငါ့အပေါ် ကောင်းခဲ့၊ အကျိုးပြုခဲ့လို့ပဲ။ ငါမင်းနဲ့ နောက်တစ်ခါ အေးအေးဆေးဆေး တွေ့ချင်ပါသေးတယ်။ နေဦး.. မင်း..ဒီမှာ ခဏနေဦးကွာ။ ခဏလေး..´
ပြောပြီး သီဟ လှစ်ခနဲ ပြေးထွက်သွားသည်။ သူ တစ်ယောက်တည်း ဂျာကင်အိတ်ထဲ လက်နှိုက်ပြီး အေးမြသောလေကို ရှုသွင်းနေလိုက်သည်။ ဆိုင်းသံ၊ ဗုံသံ၊ ကြေးနောင်သံများက လေစီးကြောင်းထဲမှာ ငြိမ့်ညောင်းလှပစွာ မျောရွေ့နေသည်။ သူ့တစ်ကိုယ်လုံးကို လျှော့ချထားလိုက်မိ၏။ သူ လန်းဆန်းလျက် ရှိနေလေသည်။
သူ့နောက်မှ ခြေသံကြားလိုက်ရ၏။
`ချမ်းငြိမ်း´
လှည့်ကြည့်လိုက်သောအခါ လှပသော မျက်လုံးဝိုင်းကလေးများကို တွေ့ရလေသည်။
`သြော်.. ၀င်းဝင်းနွယ်´
တစ်ယောက်ကိုတစ်ယောက် အကြာကြီးစိုက်ကြည့်နေပြီးမှ ပြိုင်တူ ရယ်လိုက်မိကြ၏။
ဝင်းဝင်းနွယ်က သူ့ကိုပြောသည်။
`ငါက ဒီညတော့ နင်နဲ့ မဆုံဖြစ်တော့ဘူး အောက်မေ့နေတာ။ အခုမှ သီဟက နင့်ကို ချမ်းငြိမ်းစောင့်နေတယ်၊ သွားလိုက်ဦး..ဆိုလို့´
`သူက တခြား ဘာပြောသွားသေးလဲ´
`နင့်ကို ဒီဓားပေးလိုက်တယ်´
သီဟ၏ ဓားကလေးကို ၀င်းဝင်းနွယ်က ကမ်းပေး၏။ လှမ်းယူရင်း သူ မျက်မှောင်ကြုတ်မိသေးသည်။ (ဘာရည်ရွယ်ချက်နှင့် ပေးသွားမှန်း သူမသိချေ။)
ဝင်းဝင်းနွယ်က ပြုံးစူစူဖြင့် သူ့ကိုပြန်ပြောသည်။
`ငါ နင့်ကို သတိရနေတာဟ၊ သူငယ်ချင်းတွေ တွေ့တိုင်း ငါ..နင့်ကို မေးနေတာ..´
သူက မိုးပေါ်ကို မော့ကြည့်မိ၏။
`မိုးလင်းခါနီးမှ ကြယ်တွေက ပိုတောက်လာသလိုပဲ´
`ဟာ.. နင်ကလည်း ငါပြောတာက တခြား၊ နင်ပြောတာက တခြား..´
ပြောပြီး ၀င်းဝင်းနွယ်က ရယ်၏။ သူက ဓားကလေးကို လက်ထဲမှာ ခပ်ဆဆကိုင်ရင်း..
`နေဦး နင့်ကို ငါမေးဦးမယ်..´
`ဘာမေးမလို့လဲ´
သူကပြုံးလိုက်ပြီး..
`ဓားတစ်လက်ကို အုပ်ချုပ်တဲ့ အရာဟာ ဓားအိမ်ဖြစ်သင့်သလား။ ဓားကိုင်တဲ့လက် ဖြစ်သင့်သလား´
`အယ်..´
မျက်လုံးဝိုင်းကလေးများ ပိုဝိုင်းသွား၏။ သူက ဓားကလေးကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။ ဓားသွားကို အပေါ်သို့ပင့်လှန်ပြီး မျက်စိရှေ့မှ လက်ဆန့်တန်းကာ သူ စိုက်ကြည့်နေလိုက်သည်။
လက်တစ်ကမ်းမှာ မြင်ရသည့်ဓားသွားက ထက်မြ ပါးလွှာနေ၏။ ပတ်ဝန်းကျင်က နှင်းတွေ မှုန်မှုန်ကျနေသည်။ ကောင်းကင်ပေါ်မှာ လရောင်လင်းနွဲ့၏။ ဓားသွား၏ အလျားအတိုင်းလိုက်၍ ပျော့ပျောင်းစွာ သူစိုက်ကြည့်၏။
လောကကြီး၏ အနိဌာရုံ၊ ဣဌာရုံ၊ အတိတ်၊ နိမိတ်၊ အရိပ်၊ အယောင်များက ထက်မြသော ဓားသွားပေါ်တွင် ခုန်ပျံ၍ ကျွမ်းဘားကစားပြနေသည်ကို တွေ့နေရလေသည်။
<< တာရာမင်းဝေ >>
Saturday, July 26, 2008
ဓားသွားပေါ်မှ ဆပ်ကပ် (တာရာမင်းဝေ)
Friday, July 25, 2008
စိတ်ရဲ့နားခိုရာ
လူတိုင်းလူတိုင်းမှာ အဆင်မပြေတာတွေရှိတက်ကြပါတယ်....
ဘဝမှာအဆင်မပြေတာတွေကို ဘယ်သူမဆိုအနဲနဲ့အများကြုံကြရမှာပါ...
ဒီလိုတွေဖြစ်လာတဲ့အခါတိုင်း စိတ်ဓါတ်ကျနေ၊ ဒေါသဖြစ်နေလို့ကတော့ မောရုံကလွဲလို့ဘာမှမထူးနိုင်ပါဘူး….........
ဒီတော့စိတ်ပေါ့ပါးသွားအောင် ဘာလုပ်ကြမလဲ… စိတ်ရဲ့နားခိုရာကိုရှာရမှာပေါ့…. အဲဒီနားခိုရာဟာ သိပ်ပြီးကြီးကျယ်ခမ်းနားစရာမလိုပါဘူး…..........
အပျံစားဟော်တယ်ကြီးတွေမှာအနားယူမှ၊ ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာ အပျော်ခရီးထွက်ရမှမဟုတ်ပါဘူး….......
ကိုယ့်စိတ်နဲ့ကိုယ်လွတ်လွတ်လပ်လပ်ရှိတဲ့ နေရာတစ်နေရာဆိုအဆင်ပြေပါပြီ….
အဲဒီအချိန်မှာ ကိုယ့်စိတ်ထဲမှာလုပ်ချင်ဆုံးအရာတစ်ခုကို စိတ်ရှိလက်ရှိလုပ်လိုက်ပါ…...........
သီချင်းတွေအော်ဆိုချင်သလား ဆိုပစ်လိုက်ပါ… စိတ်ထဲရှိတာအော်ပစ်ချင်လား အော်ပစ်လိုက်ပါ….......
နာရီဝက်၊ တစ်နာရီလောက်ကြာရင် စိတ်တွေဟာအနည်းနဲ့အများ ပေါ့ပါးလာပါလိမ့်မယ်….............
ဒါဟာကိုယ့်စိတ်ကို အမြဲလန်းဆန်းလာအောင် ပြန်သလိုက်တာပဲပေါ့….. 100%မဖြစ်နိုင်ရင်တောင်50%လောက်တော့အသုံးဝင်ပါလိမ့်မယ်…
စမ်းကြည့်ကြရအောင်.....
Thursday, July 24, 2008
ပထမဆုံး "Aircon Express" ကားစီးခြင်းတွေ့အကြုံ
ရှက်လည်းရှက်ပါတယ်.. ရှက်လည်းမရှက်နိုင်ပါ...(ဟီး)
ပထမဆုံး Express စစီးတော့အသက်(၂၀)ပြည့်ပြီးပါပြီ (အဟီး ပြောရမှာရှက်ပါရဲ့ ဒီအသက်အရွယ်ရောက်မှ)... အရင့်အရင်က Aircon Express ကိုလုံးဝမစီးဖူးဘူး...အဟုတ်ကြီး
ဝါဆိုလပြည့်နေ့နဲ့ အာဇာနည်နေ့ပေါင်းပြီး ကျောင်းကတစ်ပတ်ပိတ်လိုက်တယ်... တစ်ပတ်ထဲဆိုတော့အိမ်ကိုလဲပြန်လို့မရဘူး.... အိမ်ကိုပြန်ရင်အသွားအပြန်ကို(၄)ရက်ကြာတယ်လေ.... ရန်ကုန်ကိုပြောင်းသွားတဲ့ သူငယ်ချင်းဆီကိုသွားလည်မယ်ပေါ့.... တစ်ကိုယ်တည်းလိမ့်မယ်ပေါ့....
ဒါနဲ့ အဲယားတကွန်း အိတ်စာပရက် (Aircon Express) ကားနဲ့ရန်ကုန်ကိုသွားရော... အဲမှာစတွေ့ပြီ... ဟီး....
ခပ်တည်တည်နဲ့ပေါ့.... ကားပေါ်တက်ပြီးတော်တော်ကြာတော့ ညောင်းလာပြီလေ.. ဒါနဲ့ကားထဲကိုဟိုကြည့်ဒီကြည့်ပေါ့.. အဲ... အဲဒီမှာဇာတ်လမ်းစတာပဲ... :D
သူများတွေရဲ့ခုံကိုကြည့်တော့ တချို့ကခပ်မတ်မတ်လေး၊ တချို့ကျတော့နောက်ကိုခပ်လျှောလျှောလေးနဲ့ ကြည်ရတာသက်တောင့်သက်သာလေးတွေ...
ကိုယ့်မှာတော့ ကားပေါ်စတက်လာကတည်းက ခုံကဒီအနေအထားအတိုင်းပဲ.... ကြာတော့ညောင်းလာတာပေါ့...
နည်းလမ်းတစ်ခုခုတော့ရှိရမယ်လို့တော့တွေးမိတယ်.... ဒါပေမဲ့မသိဘူး... မေးရမှာကလဲရှက်တယ်လေ.... ဒါနဲ့ကိုယ်ဘာသာကိုယ်ကျိတ်ပြီးရှာရတာပေါ့ (မောင်းခလုတ်လေးကိုလေ)....တွေ့ဘူးတော်... ဒီလိုနဲ့ခပ်တည်တည်ပဲဆက်စီးလာတာ ပဲခူးရောက်တော့မနက်စာစားဖို့ကားရပ်ရော.... အဲဒီမှာပစ္စည်းတွေဟိုထုတ်ဒီထုတ်နဲ့ သွားတိုက်တံက ထိုင်ခုံနဲ့ကားနံရံကြားလေးထဲကျသွားပါလေရော.... အောင်မလေးအောက်ကိုလဲကြည့်လိုက်ရော ကိုရွှေခလုတ်ကမိန့်မိန့်ကြီးတော်... (ဟီး) ဒါပါပဲ... 'အ' ချက်တော်.. 'အ' ချက်
နောက်တော့ Express ခဏခဏစီးနေကျလာတော့သိလိုက်ရတာက အဲဒီမောင်းခလုတ်က လက်တန်းမှာရှိတက်သလို တချို့ကခုံရဲ့အောက်ဖက်နားမှာရှိတက်တယ်ဆိုတာပါပဲ....
သြော် 'တုံး' လိုက်၊ 'အ' လိုက်တဲ့ မိနန္ဒာ.... :D
အကယ်၍
“အကယ်၍
မင်းအသိုင်းဝိုင်းက တုန်လှုပ် ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်း အပြစ်တင်ကြတဲ့ အခါမင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင်။
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည် ခွင့်လွှတ်ရင်းနဲ့ မင်းကိုမင်း ယုံကြည်မယ်ဆိုရင်။
အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး အဲဒီအတွက်လည်း မမောပန်းဘဲ နေနှိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မတရားမုသားစကား ကြားတဲ့အခါ မင်းကလည်း အလိမ်အညာ တွေနဲ့ ပြန်မတုန့်ပြန်ဘူးဆိုရင်။
ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းမုန်းတီတဲ့အခါ မင်းဟာအမုန်းတွေ ပြန်မပွားဘူးဆိုရင်။
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ပဲ ပညာရှိစကားတွေကိုလည်း မလွန်ဆန်ဘူးဆိုရင်။
အကယ်၍
စိတ်ကူးယဉ် အိမ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေပဲ တွေးခေါ်နိုင်မယ်ဆိုရင်။
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေရတဲ့အခါ တူညီသော လောကခံတရားပါးလားရယ်လို့ ခံယူထားနှိုင်မယ်ဆိုရင်။
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ မင်းဟာတည်ငြမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးကိုပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတလက် ကြယ်တခုန်ပမာ တလည့်တခါတည်နဲ့ ဆုံးရှုံးသွားခဲ့ရင်။
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်။
အကယ်၍
သူများတကာလုပ်ပြီးသွားလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်။
အဲဒီလိုပဲ
မင်းမှာစိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်။
အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်း နိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမဲ့ မာန်မာနသွေမကြွဘူးဆိုရင်။
အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကိုသပ်ပြီးနာကျည်းအောင် မလုပ်နိုင်ရင်။
အကယ်၍
လူတိုင်းကိုတန်ဖိုးထားလေးစားရပေမယ့် စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင်။
ငါ့သားရေ…
မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာဘာမဆို မင်းစွမ်းဆောင်နိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလည်း လူတော်လူကောင်းတစ်ယောက်ပေါ့။”
<< မိန့်ခွန်းတစ်ခုမှ >>
သူခိုးထင်လို့
ဘောင်းဘီဝတ်ထားသောဆင်နှင့် ဘောင်းဘီပျောက်နေသောပုရွတ်ဆိတ်တို့ မျက်နှာချင်းဆိုင်လျှောက်လာကြသည်....
ဆုံသောအခါ ပုရွတ်ဆိတ်ကဆင်ကိုပြောသည်...
“ ဟေ့ ဆင်.. ဘောင်းဘီချွတ်စမ်း ”
“ ဘာဖြစ်လို့လဲကွ ”
“ ပြန်မမေးစမ်းပါနဲ့... ချွတ်မှာသာချွတ်စမ်းပါကွ ”
ထိုအခါဆင်ကဘောင်းဘီကိုချွတ်ပြီး မြက်ခင်းပေါ်ချလိုက်သည်... ထိုအခါပုရွတ်ဆိတ်ကဆင်၏ဘောင်းဘီထဲ တိုးဝင်ပြီးအကြာကြီးလိုက်ကြည့်သည်... တော်တော်ကြာသောအခါ ကျေနပ်သွားဟန်ဖြင့်
“ ဟေ့ ဆင်... မင်းရဲ့ဘောင်းဘီကိုပြန်ဝတ်လို့ရပြီ... ဒါငါ့ဘောင်းဘီမဟုတ်ဘူးကွ... ငါ့ဘောင်းဘီမှာအိတ်ကပ်ပါတယ် ”
<< သြော်... size ချင်းကတူရှာသကိုး... :D >>
အားနာစရာကြီး
မိန်းမကယောင်္ကျားကိုမေးသည်....
“ ရစ်ချက်မိန်းမရဲ့အသုဘကိုရှင်ဘာဖြစ်လို့လိုက်မပို့တာလဲ... ရှင့်ကိုသူဖိတ်ထားတယ်မဟုတ်လား ”
“ သွားသင့်တာတော့မှန်ပါတယ်... ဒါပေမယ့်ငါမျက်နှာပူတယ်ကွ”
“ဟင် ဘာဆိုင်လို့ရှင်ကမျက်နှာပူရတာလဲ ”
“ သြော်.. သူ့အရင်မိန်းမဆုံးပြီးနောက်ခုသူ့ရဲ့ဒုတိယမိန်းမဆုံးပြန်တာမဟုတ်လား... ခုတစ်ခါနဲ့ဆိုသူငါ့ကိုဖိတ်တာနှစ်ခါရှိပြီ... ငါကသူ့ကိုတစ်ခါမှပြန်မဖိတ်သေးတော့ အားနာစရာကြီး ” :D
What is life?
Life is an opportunity, benefit from it.
Life is a beauty, admire it.
Life is a dream, realize it.
Life is a challenge meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy confront it.
Life is an adventure, dare it.
Life is luck, make it.
Life is life, fight for it."
အချိန်လေးနည်းနည်းပေးပါ
အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူ
ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။
သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို
သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။
ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ်
ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေပါ။
ကျွန်တော့်ရဲ့အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို
အကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။
အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက်စားပြီး
ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။
"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"
အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင်
သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င်တတ်တဲ့သူပါ။
"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားလေးဘာလေး
ပြောချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"
အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့
ပြန်ပြောပါတယ်။
အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။
ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကို
ရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားပျော်ရွှင်နေတာ
တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။
ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ်
မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါတယ်။
အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲ
လင်းလက်တောက်ပနေပါတယ်။
"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့
လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့
ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။
သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။
ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့
ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး
တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။
စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။
အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့
မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကို
တွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...
"သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..."
"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့
ကျွန်တော် ပြန်ပြောလိုက်ပါတယ်။
ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။
ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။
အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန်
ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ရုပ်ရှင်တောင်
လွတ်သွားတဲ့အထိပါပဲ။
အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ
အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..."
လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့
အပြုံးနဲ့ မေးပါတယ်။
"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင်
အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး
အမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်
ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာ
အမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း
မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။
ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။
"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...
အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလားဆိုတာတော့
သိပ်မသေချာဘူး...
ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့
အမေ့ချွေးမ အတွက်ပါ...
သားနဲ့ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ
သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး...
သားကို အမေသိပ်ချစ်တယ်..."
အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း
အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့
ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ
ကျွန်တော်နားလည်လိုက်ပါတယ်။
<<ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။
တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့ ပြန်ပြီး မျှဝေလိုက်ပါတယ်။ အခုလို
မိဝေးဖဝေးနဲ့ တနယ်တကျေးရောက်နေတဲ့အချိန်မှာ လူကြီးမိဘတွေနဲ့ တစ်အိမ်ထဲမှာ
အတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို အားကျမိပါတယ်။ ကျွန်မလည်း
မိဘနဲ့အတူတူနေတဲ့ အချိန်တွေတုန်းက (မိဘခိုင်းတာရှိရင်တော့ အကုန်လုံး
လုပ်ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ အချိန်အားရင် ကိုယ်ဘာသာတစ်ယောက်ထဲ
နေတတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့ အချိန်တွေကို တမက်တမောပြန်လိုချင်နေခဲ့ပါပြီ။ ဘ၀မှာ ကိုယ့်ဘာသာရုန်းကန်ရင်း
လူတွေအကြောင်းပိုသိလာတဲ့ အခါကျမှ နောက်ဆုံးကိုယ့်ဘက်မှာ
အမြဲတမ်းရပ်တည်တဲ့ သူတွေဟာ မိသားစုပဲဆိုတာ ပိုပြီးနားလည်လာမိပါတယ်။
မိဘနဲ့ အတူနေနေဆဲဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း
အလုပ်တွေရှုပ်နေပေမယ့် မိဘအတွက် အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ >>
နန္ဒာ =>>အစ်မတစ်ယောက်ပို့ပေးတာပါ... ကြိုက်လွန်းလို့အားလုံးဖတ်လို့ရအောင်လို့တင်လိုက်ပါတယ်....
မ Ivy ရေအရမ်းကိုကျေးဇူးတင်ပါတယ်နော်..... :D
Wednesday, July 23, 2008
ငါးမျှားခြင်း ( ဂျုး )
ငါးမျှားခြင်း၏အဓိကရည်ရွယ်ချက်မှာ ငါးရဖို့မဟုတ်ပါ။
ဤနေရာသည် တစ်မြို့လုံးတွင် အေးဆေးတိတ်ဆိတ်သောနေရာဖြစ်သည်။ ထို့အ့ပြင် သစ်ရိပ်ဝါးရိပ်ဖြင့် အုပ်ဆိုင်းထူထပ်သောနေရာလည်းဖြစ်သည်။ မြို့၏အစွန်အဖျားရှိတောအုပ်ဘေးတွင် နက်ရှိုင်းသောရေကန်တစ်ခုရှိနေသည်မှာ သူ့အတွက်အားတက်စရာပင်ဖြစ်သည်။ ထိုရေကန်တွင်ငါးများရှိနေသည်မှာလည်း သူ့အတွက်ကံကောင်းခြင်းပင်ဖြစ်သည်။
သူသည်နှစ်တော်တော်များများပင် ငါးမျှားခြင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။
ပထမဦးဆုံးအကြိမ်ဤနေရာသို့ ငါးလာမျှားစဉ်က သူ့အသက် ၄၈နှစ်သာရှိသေးသည်။ ယခု သူ့အသက် ငါးဆယ့်လေးနှစ်ရှိပြီ။
သူသည် ဖြောင့်မှန်ရိုးအသော အထက်တန်းစာရေးကြီးဖြစ်၏။ ကောက်ကွေ့မှု၊ လှည့်ပတ်မှုကို မုန်းတီးသူ၊ လိုက်လျောညီထွေနေခြင်းနှင့်လည်း မရင်းနှီးသူ မှန်ကန်စွာပြုမူဆောင်ရွက်တတ်သူလည်းဖြစ်သည်။
သှူု့အိမ်သည် ဤကန်နှင့်မိုင်ဝက်ခန့်ဝေးသောနေရာတွင်ရှိသည်။ ရုံးဆင်းသည်နှင့်တစ်ပြိုင်နက် အိမ်ပြန်ရောက် လက်ဆွဲအိပ်ချကာ ငါးမျှားတံနှင့်ကရိယာတန်ဆာပလာများယူဆောင်လျက် ဤနေရာသို့ထွက်လာနေကျဖြစ်သည်။
လမ်းတစ်လျှောက်တွင် ဈေးဆိုင်ကလေးများ၊ လက်ဖက်ရည်ဆိုင်များ၊ အကြော်အလှော်ဆိုင်များကို ဖြတ်သန်းလာခဲ့ရသည်။ ရယ်မောသံများ၊ စကားသံများ၊ နွားနီု့ညှီနံ့များ၊ လက်ဘက်ခြောက်နံ့များ၊ ဆီကြော်ညှော်နံ့များကို သူနည်းနည်းမှ စိတ်မ၀င်စားပါ။ သူစိတ်ဝင်စားသည်က အုပ်ဆိုင်းသောတောအုပ်နှင့် ရေကန်ကြီးသာဖြစ်သည်။ ပူအိုက်သောနွေရာသီများတွင် အ၀တ်အစားတွေကို သစ်ပင်အောက်မှာ ပုံထားပြီး သူရေဆင်းချိုးနိုင်သေးသည်။အေးစိမ့် ချမ်းမြသော ဆောင်းရာသီများတွင် သစ်ရွက်ခြောက်များကို မီးရှို့ပြီး မီးလှုံနိုင်သေး၏။ မိထားသောငါးများကို ကင်၍ စားနိုင်သေး၏။ ဤနေရာလောက် သူ့အတွက်နားခိုစရာကောင်းသောနေရာ ဘယ်မှ မရှိပါ။
_ _ _ _ _ _
သူ့တွင် သူ့သြဇာမတည်သော သားနှစ်ယောက်ရှိသည်။ အ၀တ်အစား အသစ်အဆန်းမှန်သမျှ မက်မောသော သမီးတစ်ယောက်ရှိသည်။ သူလုပ်ကိုင်သမျှကို အပြစ်ရှာအပြစ်မြင်၍ တဖျစ်တောက်တောက် ညည်းညူပူဆာတတ်သော ဇနီးတစ်ယောက်ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတော့ သူသည် တက်ကြွသော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ အောက်တန်းစာရေးရာထူးမှ အထက်တန်းစားရေးရာထူးတက်ခွင့်ရရန် အလွန်မျှော်လင့်ပျော်ရွှင်ခဲ့သည်။ လက်ထပ်ခြင်း။ အိမ်ထောင်သားမွေးပြုခြင်းသည် လူ့လောက၀တ္တရား၊ မဖြစ်မနေဆောင်ရွက်ရမည့်အရာများဟု ယူဆကာ ထိုအရာများအတွက် ပြင်ဆင်ခဲ့သည်။ သူသည် အရာရာကို ရိုးရိုးရှင်းရှင်းသာတွေးတတ်သည်။ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးတော့လည်း ပျော်ရွှင်နေခဲ့၏။
တကယ်တော့ အိမ်ထောင်ရေးဆိုသည်မှာ သူလိုလူမျိုးအတွက် မဖန်တီးမပြုလုပ်သင့်သော အရာတစ်ခုသာဖြစ်ကြောင်း နှစ်ပေါင်းများစွာနောက်ကျပြီးမှ သူသိခဲ့သည်။ အိမ်ထောင်ပြုခြင်း၏နောက်တွင် မလိုချင်သော ဗီဇစရိုက်များ ပါလာသည့် သားသမီးများလည်း မွေးတတ်သေးကြောင်း သူယခုမှသိသည်။ ထိုသားသမီးများ လိမ်မာရေးခြားရှိဖို့၊ ပညာတတ်ကျွမ်းဖို့၊ ကိုယ်ကျင့်သိက္ဓာကောင်းမွန်ဖို့ကို သူဘယ်လိုမှ မတတ်နိုင်ပဲရှိနေသည်။
သမီးကြီးသည် ရုပ်ရည်သင့်တင့်၏။ အလှအပကို အလွန်အကျွံမက်မော၏။ ငယ်ရွယ်စဉ်ကတည်းက ပညာထက်အလှပြင် ပစ္စည်းကရိယာများကို ပို၍တန်ဖိုးထားတတ်၏။ အတန်းထဲတွင် စာမေးခံရပြီး မဖြေနိုင်ခြင်းထက် ဆံပင်တွင် ကလစ်ရောင်စုံဖဲကြိုးရောင်စုံ မဆိုးနိုင်ခြင်းကို ပို၍ရှက်၏။ ဆယ်တန်းကျပြီး ရပ်ကွက်ဈေးကလေးတွင် ကုန်စိမ်းရောင်းသောအလုပ်ကို သမီးလုပ်သောအခါ သူမအံ့သြသော်လည်း ဖခင်ကို ခြေရာတိုင်းလာသောအခါ သူအံ့သြမိသည်။ ဖအေရှေ့မရှောင် မအေရှေ့မရှောင် တစိမ်းယောက်ျားလေးများနှင့် ရင်းရင်းနှီးနှီးပုတ်လိုက်ခတ်လိုက် နေတာကို သူအံ့သြမိသည်။ ဆုံးမပြုပြင်ဖို့ကြိုးစားတိုင်း လူမှုဆက်ဆံရေးကို အဖေနားမလည်ပါဘူးဟု ပြောခံရသောအခါ သူရှက်လာ၏။ ဗိုင်းကောင်းကျောက်ဖိ ရှက်ကြောက်တတ်သော သမီးမိန်းကလေးကို လိုချင်သော ဖခင်သည် ရဲတင်းကလက်သော သမီးကိုသာ ရခဲ့၏။
ဝပ်ရှော့တွင်အလုပ်လုပ်သည့် သားကတော့ တစ်မျိုး။ ရုပ်ရည်လေးသင့်တင့်တာကို အခွင့်ကောင်းယူလျက် မိန်းကလေးများနှင့် ရှုတ်ရှက်ခတ်နေ၏။ ထိုသားကြောင့် သူမကြာခဏ ရပ်ကွက်လူကြီးအိမ်ရောက်ရ၏။ သမီးရှင်များ၏ လက်ညှိုးထိုးမာန်မဲမှုကို မကြာခဏခံရ၏။ မိန်းကလေးများကို ဖျက်ဆီးသူဟု နာမည်ပျက်ရနေသည့်သားကို လမ်းမှန်ပြုပြင်ပြောင်းလဲပေးဖို့ သူကြိုးစားဖူးသည်။ အဖေကလဲ ဘာမှမသိပဲနဲ့ ။ ဒါ ကျွန်တော့်အပြစ်ချည်းမဟုတ်ဘူးဗျ။ သူတို့ကိုယ်က အလိုတူအလိုပါတွေ။ ဟု ပြန်ပြောတာကို နားထောင်လျက် ပါးစပ်အဟောင်းသားဖြစ်နေခဲ့ရသည်။ ကိုယ်ကျင့်တ၇ားအကြောင်း ဆွေးနွေးဖို့ကြိုးစားတိုင်း သူအရှုံးပေးခဲ့ရသည်။
သားသမီးမကောင်း မိဘခေါင်းဟူသော စကားပုံရှိသော်လည်း သူ့ဇနီးကြောင့် စကားပုံအသစ်ဖြစ်၏။ သားသမီးမကောင်း ဖခင်ခေါင်းဟူသောပုံစံမျိုး ဖြစ်နေအောင်ပင် သူ့ခေါင်းပေါ်ပုံကျနေခဲ့သည်။ ဤကိစ္စအားလုံးမှာ သူ့တာဝန်သာဖြစ်သည် ..တဲ့..။ သူ ခေါင်းတရမ်းရမ်းနေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပါ။
သူ့ဇနီးမှာ ပုံပျက်လုနီးပါးဝနေသော မိန်းမကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းမကြီးသည် ညအိပ်လျှုင် ကျယ်လောင်စွာဟောက်တတ်သည်။ သွားကြိတ်တတ်၏။ အိမ်နေရင်း ၀တ်သည့် ထမိန်တစ်ထည်ကို မလျှော်ဖွတ်ပဲ တစ်ပတ်လောက်ဆက်တိုက်ဝတ်တတ်သေးသည်။ လက်သည်းမှန်မှန် မညှပ်ပဲ လက်သည်းကြားမှာ ချေးတွေဖြင့် ထမင်းဟင်းချက်တတ်သူ၊ ထမင်းစားတတ်သူဖြစ်၏။ ထမင်းစားလျှင် လက်ခုံထိ ထမင်းဟင်းပေကျံအောင် အားရပါးရနယ်ဖတ်တတ်သူဖြစ်၏။ အိမ်က ယောက်ျားအသုံးမကျသည့်အကြောင်းကို ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ် လည်ပတ်အတင်းပြောတတ်သူဖြစ်၏။ ဟင်းကို နည်းနည်းနှင့်ကောင်းအောင်မချက်တတ်ပဲ ဗုံးပေါလအောချက်ပြီး သွန်ပစ်တတ်သူဖြစ်၏။ တစ်ခွက်ပင်ဖြစ်စေ အရသာရှိရှိချက်ဖို့ သူပြောလျှင်တော့ မဖြစ်စလောက်လစာကလေး..ဟူသောစကားဖြင့် ရန်တွေ့တတ်သူဖြစ်၏။ လခထုတ်ရက်တိုင်း လခရင်းကို တပြားမကျန်သူအပ်သည့်အခါ စိတ်မပါ့တပါ၊ မယူချင့်ယူချင်ပုံစံဖြင့် သက်ပြင်းချကာ ယူတတ်သည်။
ဟိုဘက်အိမ်ကလူကတော့ မိန်းမကို တစ်လ သုံးလေးထောင်အပ်တာ ဟု အောက်ကလိအာသံဖြင့် သူ့ဒေါသကို ဆွပေးတတ်သေး၏။ ဟိုဘက်အိမ်ကလူက သူ့လိုပင် အထက်တန်းစာရေး။ စာရေးချင်းအတူတူ ဘာ့ကြောင့်သူ့ထက်ငွေပိုရသနည်း။ တွေးကြည့်လျှင် တနည်းသာရှိ၏။ မလုပ်ကောင်းတဲ့အလုပ်တွေ လုပ်နေလို့ဖြစ်မှာပေါ့ကွာ ဟု အေးအေးဆေးဆေးဖြေရှင်းတော့ သူ့မိန်းမက မျက်လုံးပြူးကြည့်၏။ ဒီခေတ်မှာ မလုပ်ကောင်းတဲ့အလုပ်ဆိုတာ မရှိဘူးတော့၊ အားလုံးလုပ်နေကြတာပဲ ဟု ရန်တွေ့သည်။ ဒါဖြင့်လည်း မင်းသွားလုပ်ပေါ့ကွာ ဟု သူပြီးရာပြီးကြောင်းတစ်ခွန်းသာ ပြောမိသည်။ သူ့မိန်းမက ဗြုန်းကနဲ ခြေဆောင့်နင်းကာ ထွက်သွား၏။
ညနေတိုင်း အရက်မူးကာ မျက်ထောင့်နီနီကြီးဖြင့် ပြန်ပြန်လာတတ်သော သားဖြစ်သူကတော့ အိမ်မှာ လူပိုသက်သက်ုဖြစ်သည်။ ဘာအလုပ်မှလည်းမရှိ။ အလုပ်လည်း မမြဲ၊ မပင်ပန်းပဲအသက်ရှင်ချင်သည့်အပြင် အရက်သေစာသောက်စားဖို့အတွက်ပါ အိမ်မှ ပိုက်ဆံကို ဖြုန်းသေးသည်။ မှန်မှန်ပေးနေသော ညီထံမှ တစ်ခါတစ်လေမရလျှင် ညီအစ်ကိုချင်းထိုးကြိတ်သည်အထိ ရန်ဖြစ်တတ်သေးသည်။ ဖအေ၊ မအေကိုလည်း ငဲ့ညှာရကောင်းမှန်းမသိချေ။
တောင်းဆိုးပလုံးဆိုးသာပစ်ရိုးထုံးစံရှိသည် သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဟူသော စကားပုံကို ယခုမှပင် အခြေခံကျကျနားလည်ခွင့်ရသွား၏။ လက်စသတ်တော့ သားသမီးဆိုးဆိုတာ မွေးပြီးရင် ပစ်လို့မှ မရတော့ပဲကိုးဟု ယခုမှပင် သူသဘောပေါက်ရသည်။ သို့သော် သူ့အတွက် အားလုံးလွန်ခဲ့ပြီ။
_ _ _ _ _ _
သူ့ဘ၀တွင် အတွယ်တာဆုံးသောအရာမှာ ငါ့းမျှားတံဖြစ်၏။
တွန့်လိန်နေသော တီကောင်လေးကို ငါးမျှားချိပ်တွင် ဖေါက်ကနဲ ထိုးချိပ်လိုက်ရစဉ် သူအပိုင်နိုင်ဆုံးအရာမှာ ငါးမျှားခြင်းဖြစ်ကြောင်း သူ ၀မ်းပမ်းတနည်းသိရသည်။ နိုင်လွန်ကြိုးကို လက်ဖြင့် ဖွဖွထိသပ်နေရစဉ် ဤကြိုး၏ထိတွေ့မှုသည် သူ့အတွက် ကျေနပ်စရာဖြစ်သည်။ ကြိမ်တံ၏လက်ကိုင်ကို လျော့ရဲစွာ၊ သို့သော သတိရှိစွာ ကိုင်တွယ်ရင်း ရေပေါ်မှ ငြိမ်သက်ခြင်းကို စောင့်ကြည့်နေရစဉ်မှာတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို သူအောင်နိုင်နေသည်။
လောကတွင် သူအောင်နိုင်သောသတ္တ၀ါမှာ ငါးသာဖြစ်၏။
ဤကန်ထဲတွင် ငါးမျိုးစုံရှိသည်။ သူ့ငါးမျှားချိပ်တွင် ငါးမျိုးစုံသူမိဖူးသည်။ ယောက်ျားလက်ဖျံလောက် တုတ်သော ငါးကြင်းကြီးများမှအစ လက်ညှိုးလုံးလောက်သေးသော ငါးစင်းလုံးလေးများအထိ သူ ရသည်။ ငါးမျှားသက် နှစ်ပေါင်းကြာလာသောအခါ သူ့လက်မှာ ကိုင်ထားသော ငါးမျှားတံအဖျားရှိ လှုပ်ရှားမှုကို မှန်ကန်စွာ ကောက်ချက်ချတတ်သွားသည်။ ကြိုးကလေး ဖေါ့တုံးကလေး ငြိမ့်ကနဲလှုပ်ရှားသွားသည်ကအစ သူကRမ်းကျင်စွာ အကဲဖြတ်တတ်သွားပြီး လျှင်မြန်စွာ မှန်ကန်စွာ ဆွဲတင်နိုင်သည်။ ငါးစာကို လာဟတ်သော ငါးမှာ သူ့လက်မှ လွတ်ရသည်ဟူ၍ မရှိရအောင် ဤလုပ်ငန်းကို ကျွမ်းကျင်လာ၏။
ရေထဲစိုက်ထားသော ငါးမျှားကြိုးကို စူးစိုက်စွာကြည့်ရင်း စိမ်းမှောင်သောရေပြင်ပေါ်တွင် အတိတ်က အရိပ်များစွာ ထင်လာတတ်သည်။ တစ်ခါတစ်ရံတွင် နုပျိုသော လူငယ်တစ်ယောက်၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူဖြစ်၏) တစ်ခါတစ်ရံ မိန်းမငယ်တစ်ဦး၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူ့ချစ်သူဖြစ်၏)
ချစ်သူအကြောင်း ပြန်တွေးရသည်မှာ ခပ်ဝါးဝါးသာဖြစ်သော်လည်း ရင်ခုန်စရာကောင်းသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က သူ့ချစ်သူသည် တစ်ပတ်လျှိုဆံထုံးလေးနှင့် ခရေပန်းများ ဝေနေအောင်ပန်တတ်သည့်မိန်းကလေးဖြစ်၏။ လက်မောင်းလက်ဖျန်များ တောင့်တင်းပြီး ဖျတ်လတ်သော၊ ကျန်းမာသန်စွမ်းသော မိန်းကလေးဖြစ်၏။ ကြည်လင်တောက်ပသော မျက်ဝန်းကလေးများ၊ နီမြန်းသော နှုတ်ခမ်းပါးကလေးများဖြင့် စွဲမက်ဖွယ်ရာဖြစ်၏။ သူတို့နှစ်ယောက် ချိန်းတွေ့နေကျ လေးထပ်ဘုန်းကြီးကျောင်းထောင့်က ခရေပင်ကြီးကို သူမြင်ယောင်လာသောအခါ သူ စိတ်မှတ်မထင်ပြုံးမိသည်။
သနပ်ခါးနံ့သင်းသင်းလေးကို မွှေးကြူရင်း ခရေနံ့လေးကိုပါ ရှူရှိုက်မိသော တနံနက်ခင်းက သူ့ရင်တွေ တဖြတ်ဖြတ်ခုန်ခဲ့ရကာ၊ဘယ်လိုမှ မခွဲနိုင်အောင် ချစ်မြတ်နိုးစိတ်ဖြင့် မချင့်မရဲဖြစ်ခဲ့ရသည်။ ဆောင်းရာသီနံနက်ခင်းတိုင်း၊ မိုးရာသီညနေခင်းတိုင်း ခရေပန်းများက တဖြုတ်ဖြုတ်ကြွေလွင့်နေသည်။ ခရေပွင့်ကလေးများကို အလောတကြီးကောက်နေသော ကိုယ်လုံး ကျစ်ကျစ်ခဲခဲကလေးမှာ ငေးကြည့်၍ မ၀နိုင်အောင် လှနေခဲ့၏။ နှီးကြိုးကလေးဖြင့် သီကုံးပေးရန်ကတော့ သူ့တာဝန်ဖြစ်သည်။ သူသည် လက်ကိုင်ပုဝါထဲက ပန်းကလေးများကို စိတ်ရှည်လက်ရှည်သီပေးခဲ့ဖူးသည်။ သီပြီးသွားသော ပန်းကုံးကလေးများကို မိန်းကလေး၏ဆံထုံးမှာ စိုက်၍ ပန်ပေးရသည့်အရသာမှာ တမ်းတလွမ်းဆွတ်ဖွယ်ရာဖြစ်သည်။
သူသည် ခရေပင်ကြီးဆီသို့ မရောက်ဖြစ်တာ ကြာလှပြီ။
ခရေပင်ကြီးရှိရာ ဘုန်းကြီးကျောင်းသို့ပင် မရောက်ဖြစ်တာ ကြာလှပြီ။ တစ်နေ့နေ့မှာ သွားမည်ဟု ကြံရွယ်လျက် ဘယ်တော့မှ မရောက်ဖြစ်ခဲ့ပါ။ တစ်ခါတစ်ရံ ဥပုသ်ယူသော သူ့မိန်းမနှင့်အတူ လေးထပ်ဘုန်းကြီးကျောင်းသို့ လိုက်သွားရန်ကြိုးစားဖူးသည်။ သို့သော် ဘုန်းကြီးထံ သီလမယူမီ ၀ိုင်းဖွဲ့စကားပြောကြသည့် အုပ်စုများတွင် သူမပါ ၀င်ချင်ပါ။ အဖိုးတန်ပါတိတ် ထက်အောက်ဆင်တူဖြင့် ရွှေကြိုးများ၊ ကြယ်သီးများဖြင့် ဥပုသ်လာစောင့်သော မိန်းမကြီးငယ်များ၏ ကဲ့ရဲ့စကားတင်းဆိုဟန်များကို သူရှောင်ချင်သည်။ ရှင် အကုသိုလ်တွေချည်းနေ့တိုင်းလုပ်နေတာ တစ်ခါလောက် ကျွန်မနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူပါလား။ ဟူသည့် မိန်းမ၏ တိုက်တွန်းချက်ကို ကြားရသောအခါ ကုသိုလ်ယူချင်စိတ်ကလေး လုံးဝ ကုန်ဆုံးသွားကာ မလိုက်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
သည်လိုနှင့်ပင် အကုသိုလ်ကို ဆက်လုပ်ဖြစ်နေသည်။
သူသည် ငါးမျှားနေရင်းမှ လူအမျိုးမျိုး၏ပုံကို ဖေါ်ကာ အနိုင်ယူလို့ရသည်။ ဥပမာ သမာအာဇီဝကို နည်းနည်းမျှ စိတ်မ၀င်စားသည့် အရာရှိတစ်ဦး၏ ခပ်ထူထူ ခပ်လန်လန်နှုတ်ခမ်းများကို ရွံမုန်းစွာတွေးတောရင်း သူ ငါးကို စိတ်ပါလက်ပါမျှားသည်။ ရရှိလာသော ငါး၏ ဟစိဟစိပါးစပ်ကို အသေအချာကြည့်တော့ ထိုအရာရှိ၏ ပါးစပ်ကိုပင် မြင်တွေ့လိုက်ရလေသည်။ သူသည် ငါးမျှားချိပ်မှ ငါးကို ပျော်ရွှင်စွာ ဆွဲဖြုတ်ပြီး မြေပြင်ပေါ် ဘုတ်ခနဲ ပစ်ချလိုက်ဖူးသည်။ တစ်ခါတစ်ရံသူ့မိန်းမ၏ ပွစိပွစိ နှုတ်ခမ်းတို့ကို စိတ်ထဲမြင်ယောင်လျက် ဒေါသတကြီး ငါးကို မျှားသည်။ မိလာသော ငါး၏ပါးစပ်ကို သူကြည့်သောအခါ တကယ်ပင် သူ့မိန်းမ၏ ပါးစပ်ဖြစ်နေတတ်သည်။ သူသည် ရွှီကနဲလေချွန်လျက် ထိုပါးစပ်ကို အရသာခံ၍ ကြည့်နေတော့၏။ ငါးကလေးသည် ဖတ်လတ်ဖတ်လတ်နှင့် အစွမ်းကုန်ရုန်းကန် နေသည့်အခါမှာတော့ စိတ်မကောင်းဟန်ဖြင့်သက်ပြင်းတစ်ချက်ချကာ ငါးမျှားချိတ်မှ ငါးကို ညင်ညင်သာသာလေး ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ရွရွလေးကိုင်ကာ သူနှင့် အဝေးဆုံးနေရာမှာ ချထားလိုက်ဖူးသည်။
ငါးမျှားခြင်းဖြင့် သူ ဤနေရာမှာ ကြာကြာထိုင်၍ ငိုင်နေခြင်းအပေါ် မည်သူမျှသံသယမ၀င်အောင် ဖြေရှင်းပြီးသားဖြစ်သွားသည်။ သူသည် ငါးမျှားချင်ယောင်ဆောင်လျက် ရေထဲသို့ ငါးမျှားချိတ်နှစ်ချကာ နာရီဝက်တစ်နာရီလည်း မလှုပ်မယှက်ထိုင်နေလို့ရသည်။ မိန်းမကို မပြောဖြစ်သည့် စကားများကိုလည်း ခပ်တိုးတိုးရေရွတ်နေလို့ရသည်။ တစ်ခါတစ်ခါ ကံဆိုးစွာ အဆော့သန်သော ကလေးများ စပ်စုတတ်သော လူကြီးများရောက်လာလျှင် ရှူးတိုးတိုး။ ငါးလန့်သွားမယ် ဟူသော သတိပေးချက်ဖြင့် စကားမပြောအောင် မနှောင့်ယှက်အောင် တားဆီးနိုင်ခွင့်ရှိသေးသည်။ သူ့ကို ကောင်းကောင်း နှောင့်ယှက်တတ်သူမှာ ကန်စောင်းတွင်နေသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။
အဘိုးကြီးကတော့ ငါးမျှားခြင်းကို အကုသိုလ်အလုပ်ဟု ယူဆကာ သူ့ကို ကဲ့ရဲ့ ရှုတ်ချတတ်၏။ အဘိုးကြီးက ရေကန်ကမ်းစပ်ရှိ ကြာဖူးများကို ခဏခဏလာခူးသည်။ ဘာလုပ်ဖို့လဲဟု သူမေးတော့ ချက်စားဖို့ဟုပြော၏။ ကြာဖူးကို ချက်စားရသည်ဟု တစ်ခါမျှ မကြားဖူးပါ။ ဦးလေး.. ဟင်းမရှိရင် ဒီငါးတွေ ယူသွားပါလားဗျဟု သူ စိတ်လိုလက်ရပေးဖူးသည်။
သူသည် ဤငါးများကို စားသောက်ရန်၊ ရောင်းချရန် မျှားခြင်းမဟုတ်။ အစောပိုင်းနှစ်တွေတုန်းကတော့ ငါးများ၏ ပါးဟက်များကို ဖေါက်လျက် ကြိုးဖြင့်သီကာ တန်းလန်းဆွဲပြီး အိမ်ပြန်ရသည်မှာ ပျော်စရာ၊ နောက်ပိုင်းတော့ ထိုငါးများကြောင့်ပင် ဇနီးဖြစ်သူ၏ အပြစ်ရှာခြင်းကို ခံခဲ့ရသည်။ ဒီငါးမျိုးဖြင့်တော်..တနေကုန်အောင် သွားမျှားနေစရာမလိုပါဘူး။ ဈေးထဲမှာ တစ်ဆယ်သား နှစ်ကျပ်ရယ်၊ ဗိုက်ရိုက်ပြီးစားပါလေ့။ဟူ၍တစ်မျိုး။ ရှင့်ငါးတွေက အင်းစော်နံလှချည်လား။ ဘယ့်နှယ်စားမှာတုန်း ဟူ၍တစ်မျိုး၊ ဒီငါးမျိုးကိုမှတ်ထား၊ ငါးမောင်းမလို့ခေါ်တယ်။ ငါးထဲမှာ အရသာမရှိဆုံးငါးပဲဟူ၍တစ်မျိုး။ ငါးခုံးမလိုငါးများ အချိန်ကုန်ခံပြီး မျှားနေရသေးလားတော်။ အဲဒီကုန်တဲ့အချိန်မှာ ရေလေးဘာလေးဆွဲတာမှ အသုံးကျဦးမယ်။ဟူ၍တစ်မျိုး။ အမျိုးအမျိုးရှုတ်ချသောအခါ ငါးများကို အိမ်သို့အလေးခံသယ်မသွားတော့ပေ။ နည်းနည်းနွမ်းပါးမည်ထင်ရသော အသိမိတ်ဆွေအိမ်များသို့ အလှည့်ကျစနစ်ဖြင့် ဟင်းလျာပေးလိုက်ခြင်းအားဖြင့် ဇနီးဖြစ်သူနှင့်လည်း စကားပြောရသက်သာသွားပြီး ကျေးဇူးလည်းတင်ခံရသည်။
အဘ်ုးကြီးကတော့ ငါးများကို မယူပါ။
ငါက ပံသကူသားပဲစားတာကွ။ မြင်သားကြားသားမစားဘူး။ ဟူ၏။
သူဒေါသထောင်းကနဲထွက်သွားသေးသည်။ ခင်ဗျားတို့အတွက် ဖမ်းပေး သတ်ပေးတဲ့သူတွေ ရောင်းတဲ့လူတွေရှိနေလို့ပေါ့ဗျာ။ မရှိရင် ခင်ဗျားလဲ မြင်သား ကြားသားတင်မကဘူး။ ကိုယ်တိုင်တောင် သတ်ပြီး စားမှာ မဟုတ်လား။ သို့သော် အသက်ကြီးသောလူတစ်ယောက်နှင့် ယှဉ်ပြိုင်ပြီး ရန်ဖြစ်ရတာ မကောင်းပါ။
နောက်ပိုင်းတော့ အဖိုးကြီးက ကြာဖူးခူးချိန်နှင့် သူငါးမျှားချိန်တို့ တော်တော်များများ တိုက်ဆိုင်နေတော့သည်။ ကြာဖူးသာမက ကြာပွင့်များပါ ခူးတာမြင်တော့ သူအံ့သြသွား၏။ ကြာပွင့်ကရော ချက်စားလို့ရသလား သူမေးတော့ အဘိုးကြီးက လျှို့ဝှက်စွာပြုံး၏။ မဖြေချင်သလိုလို တွန့်ဆုတ်နေပြီးမှ နောက်ဆုံးမှာ သူ့အမေးကိုဖြေလိုက်သည်။
ချက်မစားပါဘူး ဆွဲကြိုးလုပ်ဖို့။
ဟာ.. ဆွဲကြိုး၊ ဘာလုပ်ဖို့လဲ။
အဘိုးကြီးတွင် ဇနီးသားသမီးမရှိ၊ မြေးမရှိ၊ တစ်ယောက်တည်းသာဖြစ်သည်။ အဘိုးကြီးက သူ့ရှေ့မှာပင် ကြာပွင့်တစ်ခိုင်ကိုယူလျက် ကြာရိုးဆွဲကြိုးလုပ်နေ၏။ ကြာရိုးဆွဲကြိုးက လုပ်ရတာ အလွယ်လေးဖြစ်သည်။ ငါးမျှားသလိုမခက်ပါ။ ကြာရိုးကို လက်တစ်ဆစ်နီးပါး အဆစ်ကလေးများလုပ်၍ တစ်ဆစ်ချင်းချိုးသွားရုံပဲဖြစ်သည်။ ကြာရိုးကျိုးသွားပြီး အမျှင်အစေးများကြောင့် ထိုချိုးပြီးသား အဆစ်ကလေးက တွဲလွဲဖြစ်နေသည်။ နောက်တစ်ဆစ်ထပ်ချိုး၊ အမျှင်ကို ဟိုဘက်သည်ဘက် တစ်လှည့်စီ တန်းနေအောင် တစ်ဖက်ဟီချိုးချသွားရုံသာဖြစ်သည်။ ထိပ်ဆုံးမှာတော့ ကြာပွင့်လော့ကက်သီးလေး။
ဟိုတုန်းကတော့ ငါ့မိန်းမကို အဲဒီလို ကြာလည်ဆွဲလုပ်ပေးနေကျကွ။ ငါ့မိန်းမခမျာ သေသာသွားရော သူ့ဘ၀မှာ ပုလဲပုတီးလေးတစ်ကုံးတောင် ဆွဲမသွားရရှာပါဘူးကွာ၊ ကြာလည်ဆွဲကိုပဲ မညည်းမညူဆွဲသွားရရှာတယ်။ သူ့အသက်အငယ်ကလေးမှာ ကလေးမွေးရင်း ဆုံးသွားတာပဲ။
ထိုစကားပြောပြီးနောက် သူ့အဖြပြည့်စုံသွားသလိုပင် အဘိုးကြီးက သူ့ကို နှုတ်မဆက်ပဲ ထွက်ခွာသွားသည်။ လက်မှာ တန်းလန်းဆွဲထားသော အနီရောင်ကြာပွင့်နှင့် ဆွဲကြိုးကလေးမှာ လေအဝေ့တွင် လွင့်လှုပ်လျက်ပါသွားသည်ကို ငေးမောကြည့်နေခဲ့၏။
_ _ _ _ _ _
အေးမြသော ဆောင်းဥတု နဲနက်ခင်းဝေလီဝေလင်းအချိန်တစ်ခုတွင် သူသည် ထူးဆန်းစွာပင် နှင်းမှုန်ကြားထဲမှာ လမ်းလျှောက်နေတော့သည်။ သူ့ခြေတောက်များက သူမသိလိုက်မီမှာပင် မြို့၏ ဟိုးဘက်အစွန်းက လေးထက်ဘုန်းကြီးကျောင်းရှိရာသို့ လျှောက်သွားနေကြသည်။ ငါးဆယ့်လေးနှစ်အရွယ်သည် ဘုန်းကြီးကျောင်းဆီသို့ နံနက်လင်းအားကြီးလျှောက်သွားလျှင် အသင့်တော်ဆုံးအရွယ်ဖြစ်သည်။
လမ်းခရီးတွင် ဈေးရောင်းရန် ဟင်းရွက်စည်းများဖြင့် ဈေးသို့သွားကြသော ရွာသူ့ရွာသားများကို မျက်နှာချင်းဆိုင်တွေ့ရသည်။ မိန်းမများသည် ပုဆိုးများထဲတွင် ဟင်းရွက်စည်းများထည့်၍ ထုပ်ပိုးပြီး ခေါင်းပေါ်ရွက်ထား၏။ ယောက်ျားများကတော့ တောင်းများဖြင့်ထည့်ကာ ထမ်းပိုးဖြင့်သယ်ဆောင်လာသည်။ နေထွက်စအချိန်တွင် နှင်းများ ပိုမိုသိပ်သည်းလာ၏။ လမ်းဘေးဝဲယာ သစ်ပင်များကိုသာ စိမ်းစိုစွာမြင်ရပြီး ခပ်ဝေးဝေးက သစ်ပင်များကိုတော့ သဲကွဲစွာ မမြင်ရပေ။ ဤလမ်းတွင် အိမ်ခြေကျဲပါးသည်။ မြို့နှင့်မတူပဲ ရွာနှင့်တူသော ရပ်ကွက်ဖြစ်သည်။ တစ်ချိန်တုန်းက သူ့ချစ်သူသည် ဤရပ်ကွက်တွင်နေခဲ့ဖူးသည်။
အုတ်တံတိုင်းကာရံထားသော ဘုန်းကြီးကျောင်းသည် ဆောင်းနှင့်းမှုန်များအောက်တွင် အိုမင်းရင့်ရော်စွာ ရပ်တည်နေ၏။ သူခဏတာမျှ ငေးကြည့်နေပြီး ကျောင်း၏ထောင့်တစ်ဖက်က ခရေပင်အုပ်ရှိရာ လျှောက်သွားလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရေပင်များမှာ မြင့်မားလျက်ရှိသည်။ သစ်ပင်တွေ နှစ်၃၀အသက်ရှင်နေတာ အံ့သြစရာ မဟုတ်သော်လည်း သူတို့ကောက်ခဲ့သော ခရေပန်းများလိုပင် ယခုအချိန်အထိ ခရေပန်းများ ခြွေချပေးနေသည်မှာ အံ့သြစရာ။ သူဖြေးညှင်းစွာေ လျှာက်သွား၏။ ပန်းများ တဖြုတ်ဖြုတ် လွင့်ကျနေသည်။
ဤခရေပင်ကြီးအောက်တွင် ငယ်ရွယ်သော သူ့ချစ်သူနှင့်အတူ သူ ထိုင်ခဲ့ဖူးသည်။
_ _ _ _ _ _
သူသည် အပင်တည့်တည့်အောက်တွင်ရပ်၍ ဖြူဖွေးသော ခရေပွင့်ကားကားလေးများ၊ ညိုဝါသော ခရေပွင့်ခြောက်ကလေးများကို ငေးမောကြည့်နေသည်။ ခရေပန်းများနှင့် လှပခဲ့သော သူ့ချစ်သူကို သတိရစိတ်ဖြင့် ရင်ထဲမှာ နာကျင်လာ၏။ သူထိုင်ချကာ လတ်ဆတ်သော ပန်းကလေးများကို ရွေး၍ ကောက်နေမိတော့သည်။
ဟိုတုန်းကတော့ သူ့ချစ်သူကို သူ အမြတ်တနိုး ချစ်ခဲ့သည်။ သူ့ချစ်သူကလည်း သူ့ကို အားကိုးတကြီး ချစ်ခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်ခဲ့သည်။ သူသည်လည်း မိန်းကလေး၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်သည်။ သူတို့နှစ်ယောက်လက်ထပ်သောအခါ လောကတစ်ခုလုံး လှပသာယာလျက်ရှိခဲ့ပါသည်။
ချစ်ခြင်းမေတ္တာဆိုသည်မှာ လှည့်စားတတ်သော ကံကြမ္မာအောက်တွင် အရှုံးပေးရတတ်သလား။ သူသည် ဖြစ်ပျက်နေသမျှ အရာရာကို နားမလည်နိုင်အောင်ရှိတော့သည်။ သူဝမ်းနည်းနေသည်။ နှစ်ပေါင်း၃၀သည် လူအားလုံး၏ဘ၀ကို ပြောင်းလဲစေနိုင်သည်သာမက အချစ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ တိတ်ဆိပ်သော ပတ်ဝန်းကျင်တွင် ခြေသံဖွဖွကလေးကြားလိုက်ရသည်။
သူ ငယ်စဉ်က စောင့်နေကျနေရာတွင် သူငယ်စဉ်က ကြားနေကျ ခြေသံမျိုး (ဖိနပ်မပါ ဗလာခြေတောက်အစုံ၏ ခြေသံမျိုး) ကိုကြားလိုက်ရသောအခါ လက်ရှိဘ၀နှင့် ငယ်ာဘ၀ ရောထွေးကာ ရင်တလှပ်လှပ်ခုန်လျက် နောက်ဘက်သို့ ဗြုန်းကနဲ လှည့်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် မိန်းကလေးတစ်ယောက်..။ ဆံပင် ကုပ်ဝဲလေးနှင့် အပြာရောင်ဝတ်စုံပွပွလေးသည် နံနက်ခင်းလေအောက်မှာ လွင့်လှုပ်နေသည်။ အေးချမ်းသော .. နုငယ်သော မိန်းကလေးတစ်ဦး။ သူမက သူ့ကို တစ်ချက်သာ အကဲခတ်ကြည့်လျက် ခရေပွင့်များကို စတင်ကောက်လေသည်။ သူသည် နာကျင်သောရင်ဖြင့် မိန်းကလေးကို ငေးမောကြည့်နေခဲ့မိသည်။
ထို့နောက် ဟာလာဟင်းလင်းရင်ဖြင့် ဗြုန်းကနဲ လှည့်ပြန်လာခဲ့တော့သည်။
_ _ _ _ _ _
ရုံးသွားရန်ပြင်ဆင်နေစဉ် သူ့ဇနီးက အခန်းထဲဝင်လာသည်။
ဝဖြိုးသောခန္ဓာကိုယ်ကို သူ့မျက်စိက ခဏကြည့်မိပြီးနောက် မျက်နှာလွှဲလိုက်ရ၏။ ဘယ်လိုမှ မယုံနိုင်စရာကောင်းသောအဖြစ်များပါလား။ သူနည်းနည်းရှက်ရွံ့စွာ စကား စ လိုက်၏။
ငါ မနက်အစောကြီး လမ်းလျှောက်သွားရင်း လေးထပ်ကျောင်းဘက် ရောက်ခဲ့သေးတယ်ကွ။ ခရေပင်ကြီးတွေက အခုချိန်ထိ ပွင့်နေကြတုန်းပဲ။ ခရေပန်းတွေကလည်းကွာ ဖွေးနေတာပဲ။ ဟိုတုန်းကထက်တောင် များသေး။
သူ့မိန်းမမျက်နှာ နူးညံ့မသွားပါ။
ငါ နည်းနည်းတောင် ကောက်လာခဲ့သေးတယ်။ စားပွဲပေါ်မှာ။
ထိုစကားကြောင့် သူ့မျက်နှာသာ နည်းနည်းနွေးသွားသော်လည်း သူ့ဇနီးကတော့ စိတ်ဝင်စားဟန်မရှိပါ။
ခရေပန်း ။ ဘာလုပ်ရမှာလဲ။ ဈေးထဲသွားဝယ်ရင် တစ်ကျပ်ဖိုးဆို သုံးလေးကုံးရတာ။
သူ့ဇနီးကို သူငေးကြည့်နေမိသည်။
ဟိုတစ်နေ့က လာပြောသွားတဲ့ကိစ္စကို ရှင်ငြင်းမယ် မကြံနဲ့နော်။ ဒါ သူများ ပစ္စည်းခိုးတာမဟုတ်ဘူး။ သူ့ဇနီး၏မျက်နှာမှာ လောဘ၏အရေးအကြောင်းများသာ ရှိနေပါသည်။
ထိုကိစ္စကို သူ့ခေါင်းထဲက ထုတ်ပစ်ထားသည်မှာ လာပြောချိန်ကတည်းကဖြစ်သည်။ သူ့ဘ၀တွင် ကိုယ်ကျင့်သိက္ခာကို တစ်သက်လုံးထိမ်းခဲ့သည်။ သေသည်အထိ ထိန်းသွားမည်။
သို့သော် စကားရှည်မနေချင်သောကြောင့် ခပ်မြန်မြန် ထွက်လာခဲ့ရ၏။
_ _ _ _ _ _
နောက်ရက်များတွင်လည်း ထုံးစံအတိုင်းငါးမျှားသည့်အလုပ်ကို သူစိတ်ပါဝင်စားစွာ မပျက်မကွက် လုပ်မြဲဖြစ်လေသည်။
(ဂျုး)
TV and Handphone
Wife is a TV.
Girlfriend is a Handphone.
At home watch TV.
Go out bring Handphone.
No money.... sell TV.
Get money ... Change Handphone.
Sometimes... enjoy TV.
But most of the time ..play with the Handphone.
TV.... free for life.
But Handphone...if you don't pay services, will be TERMINATED!!!!!!!!!!!!!
<< Sure ? How do you think? >>
No Reason
I call you because no other reason than to hear your voice.
But you didn’t answer to me.
I invite you because no other reason than to see you.
But you didn’t come to me
I love you but no other reason than to tell you why I love.
But you didn’t love me
However you don't answer me I can hear your voice in my ears always.
However you don't come to me I can see you in my eyes always.
However you don't love to me I will always love to you.
ဘာပျက်တာလဲ
ကိုမြရဲ့အိမ်က TV ပျက်သွားလို့ TV ပြင်တဲ့ဆရာကိုသွားခေါ်တယ်....
TV ပြင်တဲ့ဆရာရောက်လာတဲ့အခါ ကိုမြကိုမေးတယ်....
“ TV ကဘယ်လိုပျက်သွားတာလဲ... အသံလား.... ရုပ်လား ”
အဲလိုမေးတော့ကိုမြက ဒီလိုပြန်ဖြေလိုက်တယ်...
“ အသံဗျ.... မနေ့ညနေက TV ဖွင့်ကြည့်နေရင်း ကျွန်တော်တစ်လက်မခွဲသံနဲ့ နဖာချေးကလော်နေတုန်းမှာ ဗြုန်းဆိုအသံပျောက်သွားတာပဲဗျ..... ”
သူရဲကောင်း
ဓါတ်ပုံဆရာကို ကိုဘမောင်ကပြောတယ်....
“ ကျွန်တော့်ကို သူရဲကောင်းပုံရိုက်ပေးပါဗျာ ”
“ ဘယ်လိုရိုက်ရမှာလဲဗျ ”
“ စားပွဲပေါ်မှာအရက်ပုလင်းတင်ထားလိုက်ဗျာ၊ ကျွန်တော်မျက်နှာလွှဲထားလိုက်မယ်၊ အဲလိုလုပ်ဖို့ဘယ်လောက်ခက်တယ်ထင်လဲဗျ”
နားလည်မူ့
“ Stone is Enough to Break a Glass......
One Sentence is Enough to Break a Heart......
One Second is Enough to Fall in Love......and
One Misunderstanding is Sufficient to Break Friendship.”
လူတွေတစ်ဦးနဲ့တစ်ဦး ဆက်ဆံကြရာမှာ ဘယ်လိုဆက်ဆံရေးပဲဖြစ်ဖြစ် (သူငယ်ချင်းအချင်းချင်း၊ချစ်သူအချင်းချင်း၊ဆရာတပည့်အချင်းချင်း၊မိဘနဲ့သားသမီး)
စတဲ့စတဲ့ဆက်ဆံရေးတွေမှာအဓိကအရေးအကြီးဆုံးကတော့ “ နားလည်မူ့ ” ဆိုတဲ့စကားလေး(၃)လုံးပါပဲ.............
ဘယ်လိုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်တစ်ဦးနဲ့တစ်ဦး နားလည်မူ့မရှိဘူးဆိုရင်
ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲခင်ခင်အဆင်မပြေနိုင်ပါဘူး......
စကားလုံးအရေအတွက်ကသာ(၃)လုံးပဲရှိပေမဲ့ အရမ်းကိုနက်ရှိုင်းပြီးကျယ်ဝန်းလှပါတယ်.....
“ ငါ့နေရာ ”
ငါ့မျက်နှာ၊ ငါရှိသည်မဟုတ်
အရုပ်မျက်နှာဖုံး၊ ပြုံးပြနုတ်ဆက်...........
ငါ့ကိုယ်ခန္ဓာ ၊ ငါရှိသည်မဟုတ်
ဇာတ်ရုပ်ဝတ်စုံ ၊ ဖုံးဖိသိုဝှက်...............
ငါ့စကားမှာ ၊ ငါရှိသည်မဟုတ်
မုသားလင်္ကာ ၊ သာယာနာပျော်...........
ငါဘယ်မှာလဲ...........
ရင်ထဲစူးနစ်
အတ္တစစ်ကို
ချစ်ခြင်းဖြင့်သာ ၊ သိနိုင်လိမ့်.............။ ။
ဒီကဗျာလေးမှာပါတဲ့ “ငါ” ဆိုတာလူသားအားလုံးကိုရည်ညွန်းထားတာပါ......
လူဆိုတာဘယ်လောက်ပဲ ရိုးဖြောင့်တဲ့သူဖြစ်ပါစေ ဟန်ဆောင်မျက်နှာဖုံးတော့ အနည်းနဲ့အများတပ်ထားလေ့ရှိကြပါတယ်....နံရံတွေကာထားလေ့ရှိကြတယ်.... ဒါတွေကိုထိုးဖောက်မမြင်နိုင်သရွေ့ အစစ်အမှန်နားလည်မူ့ဆိုတာကိုရဖို့မလွယ်ပါဘူး......
ဒါကြောင့်တစ်ဦးနဲ့တစ်ဦးနားလည်နိုင်ဖို့နူတ်ကပြောတဲ့စကားတွေထက် ထုတ်မပြောတဲ့ရင်ထဲကစကားတွေကို နားလည်ဖို့ကအရေးကြီးပါတယ်.....
ဒါကြောင့်တစ်ဦးတစ်ဦး နားလည်ဖို့အရင်ဆုံးကြိုးစားကြပါလို့ အကြံပေးချင်ပါတယ်........
စူစကာမဟုတ်ပါ
ဈေးထဲတွင်ဖြစ်သည်
ဈေးဝယ်း ကျွန်တော့်ကို ကြက်သား (၉၉) ကျပ်သားပေးပါ.....
ဈေးသည်း ၁ ပိဿာယူလိုက်ပါလားရှင်....
ဈေးဝယ်း ကျုပ် စူစကာမဟုတ်ဘူးဗျ....လူကိုစူစကာမှတ်နေလား......
တက်သည့်ပညာမနေသာ
တစ်ခါက ဓာတုဗေဒပညာရှင်ရယ်၊ ရူပဗေဒပညာရှင်ရယ်၊ လျှပ်စစ်ပညာရှင် တို့(၃)ယောက်ဟာ သေဒဏ်ချမှတ်ခံကြရတယ်...
သူတို့ကိုသေဒဏ်ပေးတဲ့အခါ electric shock နဲ့သေဒဏ်ပေးမှာဖြစ်တယ်...
သူတို့ကိုသေဒဏ်ပေးမဲ့နေ့ရောက်တဲ့အခါ.......
ပထမဆုံး ဓာတုဗေဒပညာရှင်ကို “ နောက်ဆုံးအနေနဲ့ ဘာတောင်းဆိုချင်လဲ ” လို့ရဲသားကမေးတယ်တဲ့....
ဓာတုဗေဒပညာရှင်ကလဲ “ ဘာမှမတောင်းဆိုချင်ပါဘူး ” လို့ပြန်ဖြေလိုက်တယ်...
ဒါနဲ့ သူ့ကို electric shock ပေးလိုက်တယ်....ဒါပေမဲ့ shock မဖြစ်ပဲသေဒဏ်ကလွတ်သွားတယ်....
နောက် ရူပဗေဒပညာရှင်အလှည့်ကျတော့လဲ ဓာတုဗေဒပညာရှင်ကိုမေးတဲ့အတိုင်းမေးတယ်... သူကလဲ ဘာမှမရှိဘူးလို့ဖြေတယ်.....သူ့အလှည့်ကျတော့လဲ shock မဖြစ်ပဲသေဒဏ်ကလွတ်သွားတယ်....
နောက်ဆုံး လျှပ်စစ်ပညာရှင် အလှည့်ကျတော့လဲ မေးပြန်ရော....
“ နောက်ဆုံးအနေနဲ့ ဘာတောင်းဆိုချင်လဲ ” ပေါ့..... အဲလိုလဲမေးရော လျှပ်စစ်ပညာရှင်ကလက်ညိုးနဲ့တစ်နေရာကိုထိုးပြီး
“ ဟိုမှာ အနီကြိုးနဲ့ အနက်ကြိုးလွတ်နေတယ် အဲဒါလေးကိုဆက်ပေးပါ ” လို့တောင်းဆိုလိုက်တယ်.... ရဲသားကလဲသူပြောတာကိုလုပ်ပေးပြီး သူ့ကို electric shock တိုက်လိုက်တဲ့အခါ လျှပ်စစ်ပညာရှင်ခမျာ ချက်ချင်းသေသွားတယ်တဲ့..........
သြော် တက်သည့်ပညာမနေသာပါလား နော်........ :D
Monday, July 21, 2008
" I Love You"
English စာကိုနားလည်တဲ့ ကောင်လေးတစ်ယောက်နဲ့ နားမလည်တဲ့ကောင်မလေးတို့တွေ့ကြတယ်
ကောင်မလေး : အစ်ကို... ညီမကို အင်္ဂလိပ်စာသင်ပေးပါလား
ကောင်လေး : သင်ပေးမှာပေါ့.... ကဲခုစမယ်နော်...
ဘာဟင်းချက်လဲဆိုတာကအင်္ဂလိပ်လိုဘယ်လိုပြောလဲသိလား...
ကောင်မလေး : ဟင့်အင်း... သိဘူးလေ..
ကောင်လေး : ဘာဟင်းချက်သလဲလို့မေးချင်ရင်အင်္ဂလိပ်လို “ I Love You”လို့ပြောရတယ်..... သေသေချာချာမှတ်ထားနော်...ကဲညီမလေးကအစ်ကို့ကိုဘာဟင်းချက်သလဲလို့မေးကြည့်ပါအုံး...
ကောင်မလေး : အစ်ကို... “ I Love You ”
ကောင်လေး : “ Me Too ”
ကောင်မလေး : ဟင်းနာမည်ကတမျိုးလေးနော်...
ကောင်လေး : ညီမလေးကိုပြန်မေးမယ်နော်.......
ညီမလေး “ I Love You ”....
အဲလိုလဲမေးလိုက်ရော ကောင်မလေးကအားရပါးရပြန်ဖြေလိုက်တာကတော့ဒီလိုပါတဲ့ရှင်....
“ ဘူးသီးဟင်းခါး ”